စီးပွားရေးစင်တာ(Business Center) တည်ဆောက်မည်ဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ မင်္ဂလာမွန်ဈေးနှင့် မင်္ဂလာဈေးသစ်အတွင်း ဖွင့်လှစ်ထားသော KTV နှင့် ဖျော်ဖြေရေးလုပ်ငန်းများအားလုံး ဧပြီလ ၁၁ ရက်(ယနေ့) အပြီး ပိတ်သိမ်းဖယ်ရှားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌါနမှ သတင်းရရှိသည်။
မင်္ဂလာဈေးအတွင်းရှိ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ်တို့အပါအဝင် အထပ်အလွှာများကို Business Center တည်ဆောက်ရန် ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက လမ်းညွှန်ခဲ့ပြီးဖြစ်သဖြင့် အဆိုပါနေရာများတွင် ရှိသော KTV နှင့် ဖျော်ဖြေရေးလုပ်ငန်းများအားလုံး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်တွင် ပိတ်သိမ်းပေးရန် အကြောင်းကြားခဲ့ပြီး ထိုမှတစ်ဆင့် ၂၀၁၇ ခုနှစ် မတ်လကုန် နောက်ဆုံးထား ပိတ်ပေးရန် ပြောင်းလဲပေးခဲ့သော်လည်း ပိတ်သိမ်းခြင်းမရှိသေးသည့်အတွက် ဧပြီလ ၁၁ ရက်နေ့သို့ အချိန်တစ်ပတ်ခန့် ထပ်မံတိုးပေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်သည်။
ကျွန်တော်တို့ကို နှုတ်မိန့်နဲ့ ပိတ်ခိုင်းတယ်၊ တရားဝင်ညွှန်ကြားစာတော့မလာဘူး။ အခုလိုချက်ချင်းကြီး ပိတ်သိမ်းခိုင်းတဲ့အခါကျတော့ ဝန်ထမ်းတွေအများကြီးနဲ့ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ ဆိုင်ခန်းတွေက စာချုပ်ချုပ်ထားတာ နှစ် ၂၀ ကျန်သေးတယ်။ ဆိုတော့ သူတို့ဘက်က ဘယ်လိုဆောင်ရွက်ပေးသွားမလဲ။ ကျွန်တော်တို့ကတော့ မဖယ်နိုင်ဘူး
ဟု KTV လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်အေး က ပြောကြားခဲ့သည်။
Ref:ပြည်မြန်မာ