1. Home
  2. Myanmar News

ကမ္ဘောဇဘဏ်မှ ငွေ(၁၆) သိန်းကျော်ခန့် ငွေထုတ်လာသူ နောက်မှ ဆိုင်ကယ်ဖြင့်လိုက်၍ ငွေနှင့်ဆိုင်ကယ်ခိုးယူမှုဖြစ်ပွား

Myanmar News เม.ย. 19, 2560 view 1,457

ဧပြီလ ၁၈ ရက်နေ့ ညနေ (၃)နာရီခန့်အချိန်တွင် ကမ္ဘောဇဘဏ်မှ ငွေ(၁၆) သိန်းကျော်ခန့် ငွေထုတ်လာသူကို ဆိုင်ကယ်နှင့်နောက်မှလိုက်လာကာ ငွေနှင့်ဆိုင်ကယ်ကို ခိုးယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ပုသိမ်မြို့ ကမ်းနားလမ်းတွင်နေထိုင်သူ ဦးမင်းအောင်သည် ၎င်းပိုင်ဆိုင်သော ၄၁ယ/၉၅၇၇၇၇ ဆိုင်ကယ်ဖြင့် ကမ်းနားလမ်းရှိကမ္ဘောဇဘဏ်ခွဲမှ ငွေကျပ် (၁၆) သိန်းကျော်ခန့်အား ထုတ်ယူပြီး ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထည့်လျက်နေအိမ်သို့ပြန်လာစဉ် မိတ်ဆွေဖြစ်သူရှိရာ ငွေလမင်းဆားစက်ရှေ့ တွင်ဆိုင်ကယ်သော့မဖြုတ်ပဲ စကားဝင်ပြောပြီး ခဏအကြာ ဆိုင်ကယ်အား ထွက်ကြည့်ရာ လူ(၃) ဦးမှ ဆိုင်ကယ်ကို ခိုးယူသွားသဖြင့် ပုသိမ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ ပုသိမ်မြို့မရဲစခန်း (ပ) ၁၃၆/၁၇ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ခြင်းဖြစ်သည်။


အခင်းဖြစ်နေရာသို့ ပုသိမ်မြို့နယ်မှူး ရဲမှူးသောင်းကြည်၊ ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးသူ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပြီး ပုသိမ်မြို့ပေါ်အတွင်း အဖွဲ့များခွဲလျက် လိုက်လံစစ်ဆေးခဲ့ရာ ရဲအုပ်ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ည (၈) နာရီခန့်တွင် အမာခံသတင်းပေး ပြည်သူများ၏သတင်းပေးချက်အရ ပြစ်မှုကျုးလွန်သူ အောင်မြင့်မြတ် ၂၀ နှစ် မဟာဗောဓိလမ်း ရအက (၈) နှင့် ငြိမ်းချမ်းအောင် ၂၀ နှစ် စကားဝါ (A)လမ်း၊ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူတို့အား ဖမ်းဆီးရမိပြီး ၎င်းတို့ နေအိမ်အသီးသီးရှိ ဗီဒိုအတွင်းမှ ခိုးယူရရှိသည့်ငွေ (၁၁) သိန်းကျော်အား လည်းကောင်း ထွက်ပြေးနေသည့် ကျန်တရားခံ ဝေဖြိုးအောင် နေအိမ်ဗီဒိုအတွှင်းမှ ငွေ (၄) သိန်းကျပ်အားလည်းကောင်း စုစုပေါင်း ၁၅၂၈၀၀၀ ကျပ်အား အချိန်တို အတွင်းပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ခိုးယူခဲ့သော ဆိုင်ကယ်အား ပုသိမ်တက္ကသိုလ်သို့ သွားသည့် လမ်းဘေးတွင်ဝှက်ထားသဖြင့် ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

တရားခံများအား ယခုကဲ့သို့ဘဏ်မှ ငွေထုတ်လာသူများအား အဓိကထား နောက်ထပ်ကျူးလွန်မှုများအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Source:ThanPhayeLay



Follow us on