
ပညာရေးကောလိပ်တွင် ချိုးဖောက်ခံနေရသည် ဆိုသည့် ကျောင်းသားထု အခွင့်အရေးများ အတွက် မန္တလေးမြို့ရှိ အဆင်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်) ရုံးရှေ့တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ကိုနှင်းအောင် အပါအ၀င် ဆန္ဒပြကျောင်းသား ၄ ဦးအား မန္တလေးမြို့ အမှတ် ၈ ရဲစခန်း က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဗ.က.သများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်က
“ကိုနှင်းအောင်တို့က ပညာရေးတက္ကသိုလ် ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ပါဝင် ဆန္ဒထုတ်ဖော်တယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းထားတာ ဖြစ်ပါတယ်။ ကိုနှင်းအောင် အပါအ၀င် ၄ ဦးပေါ့။ အခုထိ အတည်ပြုချက် မရသေးဘူး။ သူတို့ဖမ်းထားတယ် ဆိုတာပဲ သိသေးတယ်။ ဘယ်ပုဒ်မဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။
ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြသည့်အတွက် ဆန္ဒပြသူ နှစ်ဦးအပြင် ဆန္ဒပြရာတွင် မပါဝင်ဘဲ အနီးတွင် ရပ်နေသည့် ဗကသများ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုရဲမျိုးဆွေနှင့် ကိုကောင်းဇော်ဟိန်း တို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။ ကိုကောင်းထက်ကျော်က “နိုင်ငံသားတစ်ယောက် အခွင့်အရေး အတိုင်း ဆန္ဒပြတယ်။ ဗ.က.သ အဖွဲ့ချုပ် မူဝါဒအတိုင်း ပညာရေးတက္ကသိုလ် ကျောင်းသူ ကျောင်းသားများ လှုပ်ရှားမှုမှာပါဝင်တယ်။
ဒါဟာ သက်သက်မဲ့ အငြိုးတကြီး ဗ.က.သ အဖွဲ့ဝင်တွေ ပါဝင်တဲ့အပေါ်ကို ဖမ်းဆီးတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။ စစ်ကိုင်း ပညာရေးကောလိပ် ကျောင်းသား ကိုဇော်ရဲထွဋ် နှင့် ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ တိုင်းရင်းသားနှင့် လူမျိုးစုရေးရာ ကော်မတီတာဝန်ခံ ကိုနှင်းအောင် တို့နှစ်ဦးမှ “စစ်တပ်သဏ္ဍန် ဖိနှိပ်အုပ်ချုပ်သော ကျောင်းအုပ်ချုပ်မှု စနစ် အလိုမရှိ ”၊ “လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေး.. ဒိုအရေး”၊ “ဒီမိုကရေစီ အလေ့အကျင့်များ သင်ကြားပေးရေး ..ဒို့အရေး” နှင့် “ကျောင်းသားထု အခွင့်အရေး အပြည့်အဝရရှိရေး… ဒို့အရေး” စသည်တို့ တောင်းဆိုခဲ့သည့်အပေါ် ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
Credit : The Ladies News
comment