1. Home
  2. Myanmar News

ဖားကန့်တွင်ကုမ္ပဏီပိုင်လုပ်ကွက်ထဲမှ ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံး ရေမဆေးသမားများတွေ့

Myanmar News เม.ย. 28, 2560 view 1,464

ဖားကန့်မြို့နယ် မှော်ပုံ ကျေးရွာမှ တောက်ပကြယ်ကုမ္ပ ဏီပိုင် လုပ်ကွက်ထဲသို့ ရေမဆေး သမားများ ဝင်တူးစဉ် ယင်း ကျောက်စိမ်းတုံးအား တွေ့ရှိခဲ့ ပြီး အရေအတွက်၁,၀၀၀ခန့်ရှိသော ရေမဆေးသမားများက သယ် ဆောင်သွားကြောင်းကချင်ပြည် နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ လတ်တလောအချိန် တွင် ယင်းကျောက်စိမ်းတုံးကို ကျပ်သိန်းသုံးရာဖြင့် တန်ကြေး ဖြတ်ကာ ပြန်ပေးရန် ကုမ္ပဏီ တာဝန်ရှိသူများက ရေမဆေး သမားများထံ တောင်းဆိုထား ကြောင်း သတင်းရရှိသည်။

‘‘မနေ့ည (ဧပြီ ၂၆ ရက်) ၁၂ နာရီလောက်က ရေမဆေး၁,၀၀၀ ကျော်လောက်က အဲဒီကျောက် ကြီးကို ကားနဲ့သယ်သွားတယ်။ သယ်သွားတော့ကုမ္ပဏီက သူ့ ကျောက်ပြန်ရဖို့ သိန်း ၃၀၀ နဲ့ ဝယ်ဖို့ ပြန်ကမ်းလှမ်းထားတယ်။ အခုအချိန်ထိတော့ အရောင်း မတည့်ကြသေးဘူး’’ဟု အထက် ပါ ရဲအရာရှိက ပြောသည်။

ကျောက်စိမ်းတုံးကို ရေမဆေးသမားငါးဦးက စတွေ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ရေမဆေးသမား အင်အား ၁,၀၀၀ ခန့် ရောက်ရှိလာကာ မှော်ပုံကျေးရွာ အမက ကျောင်းဝင်းထဲသို့ သယ်ဆောင်သွားပြီး လူအင်အားဖြင့် စောင့်ကြပ်နေကြောင်း ဒေသခံများက ပြောသည်။ ရေမဆေးသမားများက တောက်ပကြယ် ကုမ္ပဏီတာဝန်ခံ ဦးနေမျိုးလွင်ကို ဆက်သွယ်ခဲ့ပြီး တန်ကြေးဖြတ်၍ပြန်ယူရန် တောင်းဆိုခဲ့သည်။ ကုမ္ပဏီကကျပ်သိန်းသုံးရာ ပေးသော်လည်း ဧပြီ ၂၇ ရက် ညနေအထိ ညှိနှိုင်းမရသေး ကြောင်း သတင်းရရှိသည်။ ယင်းနှင့်ပတ်သက်၍ ကုမ္ပဏီသို့ ဆက်သွယ်ရာ ဆက်သွယ်မှုမရခဲ့ပေ။ ကုမ္ပဏီဘက်က ယင်းဖြစ်စဉ်ကို လူသိရှင်ကြားမဖြစ်စေဘဲ ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေဖွယ်ရှိကြောင်း ဒေသခံများက ပြောသည်။ ဧပြီ ၂၄ ရက်ကလည်း ကုမ္ပ ဏီတစ်ခုပိုင် ကျောက်စိမ်းလုပ် ကွက်တစ်ခုတည်းမှ ခန့်မှန်းခြေ ပိဿာ ၂၀၀ ခန့်ရှိ ကျောက်စိမ်း တုံးတစ်တုံးကို ရေမဆေးသမား များက တူးယူသွားရာ ကုမ္ပဏီနှင့် ဈေးညှိနှိုင်း၍ မရဖြစ်ကာ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့၍ ယခုတစ်ကြိမ် တွင်လည်း ပြဿနာဖြစ်မည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေသည်။

‘‘ရေမဆေးတွေက သူတို့ တွေ့တဲ့ ကျောက်စိမ်းတုံးကို အဲဒီ လိုပဲယူပြီး ဈေးဖြတ်ပြီး ပြန်သွင်း တာ။ အဆင်မပြေကြရင် ကိုင် တွယ်ရအတော်ခက်တယ်။ ကျွန် တော်တို့ကတော့ စောင့်ကြည့်နေ ရတာပေါ့’’ဟု ဒေသတွင်းလုံခြုံ ရေးတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။ ဧပြီ ၂၄ ရက်ဖြစ်စဉ် တွင် ကျောက်စိမ်းတုံးကို ငွေ ကျပ်သိန်း ၉၀ ဖြင့် ဈေးညှိပြီးမှ ရေမဆေးသမားများက ငွေထပ် တိုးတောင်းခဲ့၍ စကားများပြီး ခဲပစ်ပေါက်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ ဝင်သုံးဦးနှင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါအမှုကို ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေဆဲ ဖြစ်သည်။ ဖားကန့်ဒေသတွင် ရေမဆေး သမား အရေအတွက် သိန်းချီရှိနေပြီး စွန့်ပစ်မြေစာပုံများတွင် ကျောက်စိမ်းရှာဖွေကြသလို ကုမ္ပ ဏီပိုင်လုပ်ကွက်များထဲတွင်လည်း အချိန်ပိုင်း ဝင်ရှာလေ့ရှိကြသည်။ ကုမ္ပဏီများက စက်ယန္တရားများ ဖြင့် ရှာဖွေသော်လည်း မတွေ့ဘဲ တစ်နိုင်တစ်ပိုင် ရှာဖွေကြသည့် ရေမဆေးသမားများက ကျောက် စိမ်းတုံးကြီးကို ရှာတွေ့ခဲ့ခြင်း သည် ထူးဆန်းကြောင်း ဒေသခံ ကျောက်လုပ်ငန်းရှင်များက ပြော သည်။

Credit : 7daydaily



Follow us on