1. Home
  2. Good Morning Myanmar

ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း

Good Morning Myanmar พ.ค. 12, 2560 view 1,408

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့မှာတော့ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမျှော်သူတွေများပြားခဲ့ပြီး မနက်ပိုင်းမှာတင် ဘုရားဖူးအရေအတွက် ထောင်ဂဏန်းရှိခဲ့ တယ်လို့သိရပါတယ်။ ဒါ့အပြင် နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ (၃၄)ကြိမ်မြောက် ရွှေတိဂုံစေတီတော် ရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကဆုန်လပြည့်နေ့ဖြစ်တဲ့ မေလ(၁၀)ရက် ရွှေတိဂုံစေတီတော် မှာ ပြုလုပ်ခဲ့ပါတယ်။ ညောင်ရေသွန်းပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ဦးစီးပြုလုပ် တာဖြစ်ပြီး မနက်(၅)နာရီမှာ ရွှေတိဂုံစေတီတော်ကြီးကို ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးနဲ့သစ်သီးဆွမ်း တွေကို ဆပ်ကပ်လှူဒါန်းခဲ့ကာ သြ၀ါဒစရိယ ဆရာတော်ကြီးတွေနဲ့ ပင့်သံဃာစုစုပေါင်း (၁၇)ပါးကို အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂေါပကအဖွဲ့ဝင်တွေ၊ ၀န်ထမ်းတွေနဲ့ဘာသာရေးအသင်းအဖွဲ့တွေက ရွှေတိဂုံစေတီတော်ရဲ့အရှေ့တောင်ဘက်က အင်္ဂါထောင့် မှာရှိတဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းမယ့် ညောင်အိုးတွေ ကိုင်ဆောင်ပြီး ရွှေတိဂုံစေတီတော်ကို လက်ယာရစ် တစ်ပတ်လှည့်ပတ် ပူဇော်ခဲ့ကြပါတယ်။

ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားစေတီတွေကိုသွားရောက်ပြီး ဥပုသ်သီတင်းသီလဆောက်တည်တာတွေနဲ့ ဗုဒ္ဓဘုရားရှင်အဖြစ်ကို ရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဗောဓိ ညောင်ပင်ကို ညောင်ရေသွန်းတာတွေပြုလုပ်လေ့ရှိပါတယ်။မေလ(၁၀)ရက်နေ့က ရွှေတိဂုံစေတီမှာ လည်း ညောင်ရေသွန်းသူတွေ၊ဥပုသ်သီတင်းသီလဆောက်တည်သူတွေအပြင် စတုဒီသာအနေနဲ့ အအေး၊စားစရာတွေ လှူဒါန်းနေသူတွေနဲ့စည်ကားနေတာကို မြင်တွေ့ခဲ့ပါတယ်။

ပုံမှန်အချိန်တွေမှာတော့ ဘုရားရင်ပြင်တော်ပေါ်ကို အရွယ်သုံးပါးမရွေး ဓာတ်လှေကား အသုံးပြုတက်ရောက်နိုင်ပေမယ့် မနေ့ကတော့ အတက်ခရီးစဉ်ကိုသာ ဓာတ်လှေကားနဲ့တက်ခွင့် ပြုခဲ့တာလည်းဖြစ်ပြီး ရဟန်းသံဃာတော်တွေနဲ့သီလရှင်တွေ၊သက်ကြီးရွယ်အိုတွေနဲ့မသန်စွမ်းသူတွေ၊ ကျန်းမာရေးမကောင်းသူတွေကိုသာ အဆင်းခရီးစဉ်ကို ဓာတ်လှေကားနဲ့ ဆင်းခွင့်ပြုခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ဒါတွေအပြင် ဘုရားဖူးပြည်သူတွေအတွက် လုံခြုံရေးချထားမှုအပိုင်းမှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ထံမှ သိရပါတယ်။



Follow us on