1. Home
  2. Special or Others

ရထားပေါ်မှာ စည်းကမ်းမဲ့ တံတွေးထွေးသူကို ပညာပေးခဲ့တဲ့ အန်တီကြီး

Special or Others พ.ค. 16, 2560 view 1,504
ရှန်ဟိုင်းမြို့က မြေအောက်ရထားတစ်စင်းပေါ်မှာ ရထားစီးနေကြသူများအကြား လူငယ်တစ်ဦးက စည်းကမ်းမဲ့စွာ ရထားတွဲထဲမှာတင် တံတွေးထွေးချလိုက်ပါတယ်။ ဘယ်ကိစ္စမဆို ပြဿနာမဖြစ်ချင်ကြတဲ့အတွက် ကိုယ်နဲ့မဆိုင်ပါဘူး၊ ထားလိုက်ပါကွာ ဆိုတဲ့ စိတ်ထားမျိုးတွေ မွေးမြူလာကြတဲ့ခေတ်ကြီးမှာ ဘယ်သူကမှ မတားမြစ်ပဲ ကြည့်နေခဲ့ပါတယ်။
 
ဒီလိုမျိုး ပတ်ဝန်းကျင်က မဆိုင်သလိုနေလေ တစ်ကိုယ်ကောင်းသမားတွေ၊ စည်းကမ်းမဲ့သူတွေက ထင်ရာဆိုင်းလေ ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ရထားပေါ်ပါလာတဲ့ အန်တီကြီးတစ်ယောက်ကတော့ ဒီလိုအဖြစ်မျိုးကို လက်မခံပါဘူး။ လူငယ်ကို ဘာကြောင့် ဒီလိုလုပ်ရတာလဲ၊ ဒီလိုမလုပ်သင့်တဲ့အကြောင်း၊ ရထားတွဲထဲက လူများကိုလည်း ဒီလိုလုပ်နေတာကို ဘာမှမပြောပဲ ထိုင်ကြည့်နေဖို့ မသင့်ကြောင်း ပြောဆိုနေခဲ့ပါတယ်။ လူငယ်က ဂရုမစိုက်ကြောင်း ပြတဲ့အနေနဲ့ နောက်တစ်ခါ တံတွေးထပ်ထွေးချလိုက်ပါတယ်။
 
 
ဒီတစ်ခါတော့ ရထားပေါ်ပါလာတဲ့ အမျိုးသားများက သီးမခံတော့ပဲ လူငယ်ကို ရထားတံခါးနားတွန်းထုတ်ကြပြီး ဘူတာရပ်တဲ့အခါ ဆင်းခိုင်းခဲ့ပါတယ်။ ပြောဆိုဆုံးမနေတဲ့ အန်တီကြီးကတော့ စောစောက လူငယ်ထွေးချသွားတဲ့ တံတွေးကို တစ်ရှုးစနဲ့ သန့်ရှင်းရေးလုပ်ပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
 
အဆိုပါဗီဒီယိုဟာ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီး လူအများက အန်တီကြီးရဲ့ တာဝန်သိတတ်တဲ့ စိတ်ဓါတ်ကို ဝိုင်းဝန်းချီးကျူး ပြောဆိုကြပါတယ်။ ခေတ်စနစ်ရဲ့ ပြောင်းလဲမှုအရ လူတွေရဲ့ အကျင့်စရိုက်ကို ပတ်ဝန်းကျင်က ဝိုင်းဝန်းထိန်းကျောင်းတဲ့ အလေ့အထ အားနည်းလာတဲ့အတွက် ကိုယ်နဲ့မဆိုင်ပါဘူးဆိုတဲ့ စိတ်ထားမျိုးကို ရှင်းပစ်နိုင်ရင်တော့ ကမ္ဘာလောကကြီး ပိုမိုလှပလာမယ်လို့ ထင်မိပါတယ်။
 


Follow us on