1. Home
  2. International News

ပဲရစ်မြို့တော်တွင် ပြင်သစ်တပ်ဖွဲ့များကို BMW ဇိမ်ခံကားဖြင့် ရုပ်ရှင်ဆန်ဆန် တိုက်ခိုက်မှု ဖြစ်ပွား

International News ส.ค. 11, 2560 view 1,733

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဆင်ခြေဖုံးရပ်ကွက် တစ်ခုတွင် ပြင်သစ်စစ်သားများ စုဝေးနေသည့် လူစုလူဝေးအတွင်းသို့ BMW ဇိမ်ခံမော်တော်ကားဖြင့် ရုပ်ရှင်ဆန်ဆန် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူဟု သံသယရှိခြင်းခံရသော ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ပြင်သစ်စစ်သားများရှိရာ နေရာကို ထိုသို့ကားဖြင့် ဝင်တိုက်ခဲ့ခြင်းသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အာဏာပိုင်များက မှတ်ချက်ပေးသည်။ပြင်သစ်အထူးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယာဉ်မောင်း၏နောက်သို့ ခြေရာခံလိုက်ခဲ့ကြကြောင်း၊ ထို့နောက် မြောက်ပိုင်းခရိုင် အဝေးပြေးလမ်းမကြီးတွင် ၎င်းကို ပိတ်ဆို့ကာ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ရဲတပ်ဖွဲ့က အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း သံသယရှိသူမှာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိဟု အစိုးရရှေ့နေများက ပြောကြားသည်။

သို့သော် အဆိုပါ သံသယရှိသူ၏ အခြေအနေကို ထုတ်ဖော်ပြောဆိုမှု မပြုပေ။ပြင်သစ်စစ်သားများသည် လာဗော်ရီပါရက် ရပ်ကွက်ရှိ တန်ပြန်အကြမ်းဖက်တိုက်ခိုက်ရေးဆိုင်ရာ စစ်အခြေစိုက်စခန်းအနီး တန်းစီစောင့်ဆိုင်းနေစဉ် BMW ဇိမ်ခံကားဖြင့် ထိုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။တပ်ဖွဲ့ဝင်များက ကင်းလှည့်ရန် စတင်လှုပ်ရှားချိန်တွင် ကားကို အရှိန်မြှင့်မောင်းနှင်ကာ ဝင်တိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပြင်သစ်စစ်သား ခြောက်ဦး ဒဏ်ရာရရှိသွားသည်။“ဒါဟာ တမင်တကာ လုပ်ကြံတိုက်ခိုက်တာပါ၊ မတော်တဆမှု မဟုတ်ပါဘူး” ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂါးရက်ကိုလော့ဘ်က ဒဏ်ရာပြင်းထန်စွာ ရရှိထားသော စစ်သားများကို သွားရောက်ကြည့်ရှုပြီးနောက် ဆေးရုံပြင်ပတွင် သတင်းထောက်များကို ပြောကြားသည်။အဆိုပါ ဖြစ်ရပ်ကြောင့် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် စတင်နေပြီ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ စစ်သားများသည် ၂၀၁၅ ခုနှစ် ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် စတင်ခဲ့သည့် Operation Sentinel အမည်ရ စစ်ဆင်ရေးတွင် ပါဝင်သူများ ဖြစ်သည်။ယခုနောက်ဆုံးအကြိမ် ကားဖြင့် တိုက်ခိုက်မှုသည် ၂၀၁၅ ခုနှစ် နောက်ပိုင်း ပြင်သစ်အထူးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့အပေါ် ၁၅ ကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်သည်ဟု အာဏာပိုင်များက ဆိုသည်။ပြင်သစ်ဝန်ကြီးချုပ် အက်ဟော့ဒ် ဖိလစ်က ယခုတိုက်ခိုက်မှုတွင် သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းလျက် ရှိသည်ဟု ပါလီမန်တွင် ပြောကြားသည်။ ပြင်သစ်တရားရေးဆိုင်ရာ သတင်းရင်းမြစ်များကမူ သံသယရှိသူသည် အယ်လ်ဂျီးရီးယားလူမျိုး ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင်း တရားဝင် နေထိုင်လျက် ရှိသည်ဟု ပြောကြားသည်။

Credit : thevoicemyanmar



Follow us on