အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဖြစ်ပါက စစ်နိုင်မှာ မဟုတ်ကြောင်း အမေရိကန်စစ်တပ်မှ အကြီးတန်း လက်ထောက်ညွှန်ကြားရေးမှူးဟောင်း တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား စစ်တပ်အနေနဲ့ တပ်သား ၁.၂ သန်းခန့်ကို နေရာအနှံ့အပြားမှာ လျှို့ဝှက်နေရာချထားတဲ့အတွက် လက်ရှိတောင်ကိုရီးယားမှာတပ်စွဲထားတဲ့ အမေရိကန်တပ်သား ၂၈,၅၀၀ နဲ့ ယှဉ်ရင် အင်အားအလွန်ကြီးပြီး အမေရိကန်စစ်တပ်အတွက် အန္တရာယ်ကြီးမားလောက်အောင် အင်အားသာတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူအက်စစ်တပ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ဒုတိယဗိုလိချုပ်ကြီး Jan-MarcJouas က ဒီကိစ္စကို ကိုယ်စားလှယ် Ted Lieu , Ruben Gallego နဲ့ လွှတ်တော်အမတ် Tammy Duckworth တို့ထံ စာရေးသားပေးပို့ တင်ပြထားတယ်လို့ ဆိုပါတယ်။
အဆိုပါပုဂ္ဂိုလ်သုံးဦးစလုံးဟာ မြောက်ကိုရီးယားအရေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ ပါဝင်ပက်သက်သူများဖြစ်ပါတယ်။
မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူမှုကွန်ယ်က တွစ်တာကို အသုံးပြုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို မခံသိမခံသာဖြစ်အောင် ရေးသားပြောဆိုခဲ့ပါတယ်။
“ကင်ဂျုံအန်ကို ကျွန်တော်က “ဂျပု” “ဝက်ပုတ်” လို့ မပြောပဲနဲ့ သူက ကျွန်တော့ကို လူအိုကြီးလို့ ဘာကြောင့် ပုတ်ခတ်စော်ကားရတာလဲ..? ကိစ္စမရှိပါဘူးလေ ကျွန်တော်ကတော့ သူနဲ့ မိတ်ဆွေဖြစ်အောင် ပိုကြိုးစားဦးမှာပါ.. တစ်နေ့တော့ ဖြစ်လာမှာပေါ့” ဟု ရေးသားခဲ့ခြင်းဖြစ်ပါတယ်။
ပြုံယမ်းနျူကလီးယား ခြိမ်းခြောက်မှုတုန်းက ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို “Rocket Man” လို့ သရော်လိုက်ချိန်မှာ ကင်ဂျုံအန်က “သောက်ရူးအမေရိကန်သမ္မတ” လို့ တုံ့ပြန်ခဲ့ပါတယ်။