နှစ်ပေါင်း (၄၅)နှစ်ကြာမှ ပထမဦးဆုံး အီရတ်နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မယ်စကြဝဋာပြိုင်ပွဲဝင် တစ်ဦးဖြစ်လာခဲ့တဲ့ Sarah Idan ဟာ သူမရဲ့ အိမ်မက်တွေ အမှန်တစ်ကယ်ဖြစ်လာခဲ့ပေမယ့် ဆယ်လ်ဖီဓါတ်ပုံတစ်ပုံကြောင့် အခြေအနေဟာ အားလုံးရုတ်ချဉ်း ပြောင်းလဲသွားခဲ့ပါတယ်။
အသက်(၂၇ နှစ်)အရွယ် Sarah Idan ဟာ တေးရေး အဆိုတော် တစ်ဦးလည်းဖြစ်ပါတယ်။ လာ့စ်ဗီးဂတ်စ်မှာ မယ်စကြဝဋာပြိုင်ပွဲဝင်တွေကို အကြိုဓါတ်ပုံရိုက်ပေးတဲ့အချိန်မှာ သူမက အစ္စရေးအလှမယ် Adar Gandelsman နဲ့အတူ နှစ်ယောက်တွဲ ဆယ်လ်ဖီဓါတ်ပုံရိုက်ခဲ့ပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ “အီရတ်အလှမယ်နဲ့ အစ္စရေးအလှမယ်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာ” ဟု စတေးတပ်ရေးပြီး ဓါတ်ပုံတင်ခဲ့ပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာ ပရိသတ်အားလုံးရဲ့ တုံ့ပြန်မှုက သူမထင်ထားသလိုတော့ မဟုတ်ခဲ့ပါ။
ပြိုင်ပွဲဝင်ဖို့ (၆)ရက်သာလိုတော့တဲ့ မနက်ခင်းမှာတော့ အီရတ်အလှမယ်အဖွဲ့အစည်းက အဆိုပါပုံကို ပြန်ဖြုတ်ချဖို့ ခြိမ်းခြောက်မှုတွေနဲ့အတူ ပြောဆိုလာပါတယ်။
ခြိမ်းခြောက်မှဒတွေမှာ သူမရဲ့ အသက်အန္တရာယ်ကိုသာမက မိသားစုတွေပါ ပါလာတဲ့အတွက် သူမဟာ ထိတ်လန့်တကြားနဲ့ အီရတ်ကို ချက်ခြင်းဖုန်းခေါ်ဆိုခဲ့ပြီး ပြေးတော့လို့ အကြောင်းကြားခဲ့ပါတယ်။ ပြိုင်ပွဲက ထွက်ဖို့လိုရင်လည်း သူမထွက်လိုက်တော့မယ်လို့ မိခင်ဖြစ်သူကို ပြောခဲ့ပါတယ်။
ပြိုင်ပွဲမှာ မဖြစ်မနေလုပ်ဆောင်ရတဲ့ ဘီကနီဝတ်ရတဲ့ အချိန်မှာ အွန်လိုင်းပေါ်ကနေ သူမကို ခြိမ်းခြောက်မှုတွေ ပြုလုပ်တာခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ယခုတစ်ခါ အစ္စရေးအလှမယ်နဲ့ တွဲရိုက်လိုက်တဲ့ ကိစ္စကတော့ ရှင်းမရအောင် ပြဿနာကြီးတစ်ခု ဖြစ်ခဲ့တာပါ။
အီရတ်နဲ့ အစ္စရေး နှစ်နိုင်ငံတို့ဟာ အချင်းခြင်း သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် ယခုကိစ္စဟာ ကမ္ဘာနှင့်အဝှမ်း အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါဓါတ်ပုံကို ဖြုတ်ချရန် သူမငြင်းဆန်သည့်အခါ အီရတ်အလှမယ်ပြိုင်ပွဲဖြစ်မြောက်ရေး အဖွဲ့အစည်းက “ဓါတ်ပုံဖြုတ်ချမလား” “အလှမယ်ဆု ပြန်ရုတ်သိမ်းရမလား” ဟု ဝန်ကြီးဌါနကနေတစ်ဆင့် အကြပ်ကိုင်ခဲ့ပါတယ်။
ဓါတ်ပုံတင်ခဲ့ပြီးနောက်တစ်ရက်တွင် သူမက လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ယင်းပုံဟာ အစ္စရေးအစိုးရကို ထောက်ခံတဲ့အနေနဲ့တင်ထားခြင်းမဟုတ်ပဲ ယင်းကဲ့သို့ ထင်မြင်ခဲ့ပါက တောင်းပန်ကြောင်း ရေးသားခဲ့ပါတယ်။
Sarah Idan ဟာ အမေရိကန်နဲ့ အီရတ် နှစ်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး အဲဒီအချိန်က သူမရဲ့ အီရတ်နိုင်ငံသား နိုင်ငံကူးလက်မှတ်စာအုပ်ကို သက်တမ်းတိုးရတော့မည့် အချိန်လဲဖြစ်သည်။ သူမရဲ့ နိုင်ငံသားခံထားမှုကိုလည်း ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း အီရတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
သူမရဲ့ မိဘတွေ အီရတ်ကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်တဲ့အချိန်ထိ Sarah Idan ဟာ ငြိမ်ငြိမ်လေးပဲ နေလိမ့်ဦးမည်ဟု အစ္စရေးအလှမယ်က ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အီရတ်အစိုးရက ယင်းကိစ္စနဲ့ ပက်သက်ပြီး ငြိမ်သက်လျှက်ရှိသော်လည်း Sarah Idan အိမ်ပြန်တဲ့အခါ ဘယ်လိုအရာတွေက စောင့်ကြိုနေဦးမလဲဆိုတာ ရင်ထိတ်စရာကောင်းပါတယ်။