1. Home
  2. International News

ပဲရစ်ကြယ်ငါးပွင့်ဟိုတယ်တွင် ယူရို ၄.၅ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများ ဓါးပြတိုက်ခံရ

International News ม.ค. 12, 2561 view 1,447

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သော ရစ်ဟိုတယ်ကို မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင် အမျိုးသား (၅)ဦး ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲအချိန်က ဝင်ရောက်ခဲ့ပြီး ယူရို ၄.၅ မီလီယံတန်ဖိုးရှိသော လက်ဝတ်ရတနာများ ဓါးပြတိုက်ခဲ့ကြောင်း ပြင်သစ်ရဲအဖွဲ့က ပြောကြားခဲ့သည်။

ပုဆိန်နှင့် လက်နက်များကိုင်ဆောင်လာကြသော ဓါးပြ (၅)ဦးမှာ ဟိုတယ်ထဲသို့ ညနေ ၆ နာရီခွဲခန့်တွင် ဝင်ရောက်လာခဲ့ပြီး ဟိုတယ်အတွင်း ပြသထားသော လက်ဝတ်ရတနာ မှန်သေတ္တာများကို ရိုက်ခွဲကာ အသင့်ပါလာသော အိတ်များအတွင်းထည့်ကာ ယူဆောင်ခဲ့ကြသလို ဧည့်သည်များထံမှလည်း လက်ဝတ်ရတနာများ ချွတ်ယူခဲ့ကြသည်။

ဓါးပြ(၅)ဦးတွင် အချို့မှာ ရဲအယောင်ဆောင်ထားသော ဂျာကင်အင်္ကျီဝတ်ဆင်ထားပြီး သေနတ်နှင့်ချိန်ကာ လက်ဝတ်လက်စားများ ဓါးပြတိုက်ခဲ့ကြောင်း၊ ဧည့်သည်အချို့မှာ ထိတ်လန့်ပြီး မီးဖိုခန်းများအတွင်း ဝင်ရောက်ပုန်းအောင်းနေခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ဓါးပြတိုက်သူ (၅)ဦးထဲမှ (၃)ဦးကို ဟိုတယ်ပြင်ပ၌ ကင်းလှည့်နေသော ရဲအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ၂ ဦးမှာ ဟိုတယ်အနောက်ပေါက်မှ ထွက်ပြေး လွတ်မြောက်သွားသည်။
သေနတ်ပစ်သံ (၁၀)ချက်ခန့်ကြားပြီး ဟိုတယ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း ပြင်သစ်ရဲအဖွဲ့က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
 



Follow us on