မီယာမီရှိ ဖလောရီဒါအပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွင် မိုးပျံလူသွားစင်္ကြန်လမ်းအဖြစ် အသစ်တည်ဆောက်လျှက်ရှိသော တံတားတစ်စင်း ကြာသပတေးနေ့က ပြိုကျခဲ့မှုကြောင့် အနည်းဆုံး လူလေးဦးထက်မနည်း သေဆုံးကြောင်း သိရှိရသည်။
တံတား၏အောက်တွင် ကားများကို ပိမိခဲ့တာကြောင့် လူ ၁၀ ဦးဆေးရုံတင်ပို့ခဲ့ရပြီး၊ ကယ်ဆယ်ရေး မီးသတ်သမား ၁၀၀ ကျော်က အသက်ရှင်ကျန်ခဲ့သူရှိ၊မရှိကို အပျက်အဆီးများကြားတွင် ရှင်းလင်းရှာဖွေခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် စနေနေ့ကမှ အသစ်စက်စက် တပ်ဆင်ပြီးစီးခဲ့သည့် တန်ချိန် ၉၅၀ ရှိသော အဆိုပါတံတားမှာ ကြာသပတေးနေ့ နေ့လည်အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ကားအချို့က မီးပွိုင့်မိနေသဖြင့် တံတားအောက်၌ ရပ်နေစဉ် အပေါ်မှတံတားပြိုကျခဲ့ခြင်းဖြစ်သည်။
အနည်းဆုံး ကား ၈ စီးခန့်ပိမိခဲ့ပြီး လူ ၄ ဦးသေဆုံးကာ ၁၀ ဦးကို ဆေးရုံသို့တင်ပို့ခဲ့ရသည်။ ဆေးရုံပို့ခဲ့ရသူများထဲမှ နှစ်ဦးမှာ စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေရသည်။
တံတား၏အရှည်မှာ ၁၇၄ ပေ ရှိပြီး တက္ကသိုလ်နဲ့ Sweetwater မြို့ကို ဆက်သွယ်ထားခြင်းဖြစ်သည်။ အဆိုပါတံတားကို အမေရိကန်ဒေါ်လာ ၁၄.၂ မီလီယံကုန်ကျခဲ့ပြီး သက်တမ်းအားဖြင့် နှစ် ၁၀၀ ခံနိုင်ရန်၊ ဟာရီကိန်းမုန်းတိုင်း၏ အင်အားအကြီးဆုံး အမျိုးအစားနံပါတ် ၅ ပင်ခံနိုင်ရည်ရှိအောင် တ်ာဆောက်ထားခဲ့ခြင်းဖြစ်သည်ဟု တက္ကသိုလ်ဘက်က ပြောကြားခဲ့သည်။
ဖြစ်စဉ်နဲ့ပက်သက်ပြီး အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။