မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ဟာ 1MDB ရဲ့ ဘဏ္ဍာငွေများကို သူ့ရဲ့ဘဏ်စာရင်းထဲရောက်နေတာနဲ့ ပက်သက်ပြီး အစစ်ဆေးခံဖို့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင် (MACC) ရုံးချုပ်ရှိရာ ပူထရာဂျာရာကို အင်္ဂါနေ့ (မေ ၂၂) ရက်နေ့က ရောက်ရှိလာပါတယ်။
ဒေါ်လာဘီလီယံပေါင်းများစွာ အလွဲသုံးစားလုပ်တာကြောင့် ပထမမလေးရှားဖွံ့ဖြိုးရေးကုမ္ပဏီ (1MDB) အနေနဲ့ အကြွေးနစ်နေရတဲ့ ကိစ္စနဲ့ပက်သက်ပြီး နာဂျစ်အနေနဲ့ ရှင်းလင်းမှုတစ်ခုကို လုပ်ရမှာဖြစ်ပါတယ်။
ပြဿနာတွေပတ်ချာလည်ဝိုင်းနေတဲ့ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ဟာ မလေးရှားရင်းဂစ် ၄၂ ဘီလီယံ (ဒေါ်လာ ၁၀.၆ ဘီလီယံ) ကို သူ့ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲ ပြောင်းထည့်ခဲ့တဲ့အပေါ် ရှင်းလင်းပေးဖို့ MACC က ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
နာဂျစ်က တရားရုံးရှေ့နေချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ Mohd Yusof Zainal Abiden နဲ့ အခြား ရှေ့နေ ၆ ဦးတို့ကို ငှားရမ်းဦးမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် သူ့ရဲ့အမှုကို ရှေ့နေလိုက်ပေးကြမယ့် ရှေ့နေတွေဖြစ်တဲ့ Harpal Singh Grewal နဲ့ M Athimulan တို့ နှစ်ဦးစလုံး သဘောဆန္ဒအလျှောက် နှုတ်ထွက်ပြီး ကိုယ်စားမပြုနိုင်တော့ဘူးလို့ အစစ်ဆေးခံဖို့ နာဂျစ် MACC ကို မရောက်လာခင် နာရီပိုင်းအလိုမှာပဲ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ 1MDB အလွဲသုံးစားမှုဟာ မလေးရှားသမိုင်းမှာ အကြီ:မားဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးက ပထမဦးဆုံး စိတ်ဝင်တစားစောင့်ကြည့်ခံခဲ့ရတဲ့ အမှုကြီးဖြစ်ခဲ့ပါတယ်။
၂၀၁၅ မှာ ဒီအမှုကြီးဖြစ်စဉ်က နာဂျစ်က သူရဲ့ဘဏ်စာရင်းထဲမှာ တွေ့ရတဲ့ အမေရိကန်ဒေါ်လာ ၆၈၁ သန်းဟာ ဆော်ဒီဘုရင်က လှူဒါန်းထားတာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ဒီပိုက်ဆံတွေဟာ 1MDB ရဲ့ ဘဏ္ဍာငွေတွေဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
နာဂျစ်က ဒီကိစ္စနဲ့ပက်သက်ပြီး သူဘာမှ အမှားမလုပ်ကြောင်း ခံငြင်းခဲ့ပြီး အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင် (MACC)က ရာထူးနေရာကြီးအချို့ကိုလည်း လဲလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံရဲ့ ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးလောကကနေ အနာယူသွားတဲ့ အသက် ၉၂ နှစ်အရွယ် မဟာသီယာ က ထင်မှတ်မထားပဲ အနိုင်ရရှိသွားတဲ့အခါမှာတော့ ဒီအမှုကို ပြန်လည်စစ်ဆေးဖို့ အမှုကို ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။