မေလ ၆ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ထံ၌ ဟောင်ကောင်မှ လာရောက်လည်ပတ်သည့် ခရီးသည် တရုပ်အမျိုးသမီးတစ်ဦးဟာ လေယာဉ်ပေါ်က ဆင်းဆင်းခြင်း လေဆိပ်ထဲမှာတင် ပြန်ပေးဆွဲခံခဲ့ရပါတယ်။
စောင့်ကြည့်ကင်မရာပုံရိပ်များအရ အသက် ၃၉ နှစ်အရွယ် ခရီးသည်အမျိုးသမီး Chen Jinca ဆိုသူကို အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးပါဝင်သော အဖွဲ့က အနားကပ်ကာ ခြံရံပြီး လူမြင်ကွင်းမှာတင် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးဂိတ်များကို ဖြတ်ကျော်သွားသည့်တိုင် အမျိုးသမီးပြန်ပေးဆွဲခံထားရသည်ကို မည်သူမျှ မရိပ်မိလိုက်ပဲ လေဆိပ်ထဲမှ အပြင်ကို ခေါ်ထုတ်သွားခဲ့ကြသည်။
အဲဒီနောက်မှာတော့ Chen ရဲ့ ခင်ပွန်းထံကို ပြန်ပေးငွေ ဘတ် ၁၀ သန်း(ဒေါ်လာ ၃၁၁,၀၀၀) ပေးမှ လွှတ်ပေးမည်ဟု မက်ဆေ့ ရောက်လာခဲ့သည်။ ခင်ပွန်းဖြစ်သူက တောင်းတဲ့ငွေအတိုင်း လွှဲပေးခဲ့ပေမယ့် ဇနီးသည်ကို မလွှတ်ပေးသေးပဲ နောက်ထပ် ဘတ်ငွေ ၅ သန်း(ဒေါ်လာ ၁၅၅,၀၀၀) ထပ်မံတောင်းခံခဲ့ပြန်သည်။
ဒီတစ်ခါမှာတော့ ခင်ပွန်းဖြစ်သူက ထိုင်းရဲစခန်းမှာ အဖြစ်မှန်ပြောကာ အမှုဖွင့်ခဲ့သည်။
မေလ ၁၉ ရက်နေ့မှာ ပြန်ပေးအဖွဲ့က Chen ကို ဘန်ကောက်မြို့ပေါ်က လမ်းမကြီးတစ်နေရာမှာ ဒဏ်ရာအနာတရမရှိပဲ စွန့်ပစ်ထားခဲ့ကြပြီး လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ထိုင်းရဲတွေက ဝရမ်းပြေးသမားတွေကို ရှာဖွေနေပြီး သူတို့ ၅ ယောက်ထဲက ၄ ယောက်ဟာ တရုပ်နိုင်ငံကဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါပြန်ပေးမှုနှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံသား ၂ ဦးကို ရဲကဖမ်းဆီးထားပြီး သူတို့ရဲ့ ထွက်ဆိုချက်အရ ဂိုဏ်းခေါင်းဆောင်က တစ်ရက်ကို ဘတ် ၁,၀၀၀ ပေးပြီး Chen ကို စောင့်ကြည့်ဖို့ ခိုင်းခဲ့ကြောင်း သိရှိရသည်။
ပြန်ပေးဆွဲခံနေရတဲ့ အချိန်တွေမှာ သူတို့က Chen ကို ဘန်ကောက်မြို့ပေါ်က ဟိုတယ်ကနေ ပတ်တယားမြို့ပေါ်က ငှားထားတဲ့ အိမ်တစ်လုံးကို ပြောင့်ရွေ့ခဲ့ရပြီး အဲဒီကနေ ခိုစမတ်ကျွန်းပေါ်ကအိမ်နဲ့ အဲဒီကနေတစ်ဖန် ဘန်ကောက်ကို ပြန်ခေါ်လာခဲ့တာဖြစ်ပါတယ်။