အင်စတာဂရမ် ဆိုရှယ်မီဒီယာတွင် နာမည်ကြီးကျော်ကြားနေသော အသက် ၂၂ နှစ်အရွယ် အီရတ်အမျိုးသမီး မော်ဒယ်လ် "Tara Fares" ဟာ ကားမောင်းလာစဉ် သေနတ်သမား ၃ ဦးက ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ သူမရဲ့ အနောက်တိုင်းဆန်တဲ့ လူနေမှုပုံစံကြောင့် လုပ်ကြံခံရတာဖြစ်တယ်လို့ နိုင်ငံတစ်ကာမီဒီယာများက သုံးသပ်ထားပါတယ်။
ပြိးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က လုပ်ကြံခံခဲ့ရပြီး ဖြစ်စဉ်အစအဆုံးကို လမ်းမမှာတပ်ထားတဲ့ စီစီတီဗီကနေတဆင့် ဖမ်းယူရရှိခဲ့ပါတယ်။
စီစီတီဗီပုံရိပ်အရ လမ်းကြားလေး တစ်ခုထဲကို မောင်းဝင်လာတဲ့ သူမရဲ့ Porsche အမျိုးအစား အဖြူရောင်စပို့ကားကို ဆိုင်ကယ်စီးလာတဲ့ လူ ၃ ဦးက ခတ္တတားပြီးနောက် ကားအပြင်ဘက် ပြတင်းပေါက်မှန်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်၊ အဲဒီနောက် ကားဟာ လမ်းကြားအတိုင်း အထိမ်ူအကွပ်မဲ့ ဖြည်းဖြည်းချင်း လိမ့်ဆင်းသွားပြီး ရပ်နားထားတဲ့ ကားတစ်စီးကို ဝင်တိုက်မိတာကို တွေ့ခဲ့ရပါတယ်။
"Tara Fares" ဟာ ဘက်ခ်ဒက်မယ်ဟောင်းတစ်ဦးဖြစ်ပြီး အွန်လိုင်းပေါ်မှာ လွပ်လပ်ခွင့်၊ ဘဝနေထိုင်မှုနဲ့ ဘာသာရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သူလည်းဖြစ်ပြီး ဖော်လိုဝါ ၂.၆ သန်းကျော် ပရိသတ်တွေ ရှိထားသူလည်းဖြစ်ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌါနရဲ့ ထုတ်ပြန်ချက်မှာတော့ "Tara Fares" သေဆုံးရမှုဟာ အစွန်းရောက် ရာဇဝတ်မှုကျူးလွန်သူအဖွဲ့ တစ်ဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလူတွေကို ဖမ်းဆီးရမိခြင်းရှိ၊ မရှိကိုတော့ မဖော်ပြခဲ့ပါဘူး။
"Tara Fares" လုပ်ကြံခံရမှုဟာ လူအခွင့်အရေးလှုပ်ရှားသူ "Suad al-Ali" ကို ဘရာဆာမြို့ လမ်းမပေါ်မှာ နေခင်းကြောင်တောင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ၂ ရက်မြောက်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။