အောက်တိုဘာလ ၂၁ ရက် တနင်္ဂနွေနေ့ည က ထိုင်ဝမ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရထားတစ်စင်း တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရထားမှောက်မှုဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ခရီးသည် ၃၆၆ ဦး တင်ဆောင်လာသော ရထားဟာ နိုင်ငံခြားသားခရီးသွားများ အကြိုက်တွေ့နေတဲ့ ကမ်းရိုးတန်းဒေသ ရီလန်မြို့အနီးတွင် တနင်္ဂနွေနေ့ည ၉ နာရီ ၃၅ မိနစ် အချိန်ခန့်က တိမ်းမှောက်ခဲ့ကာ လူစီးတွဲ ၄ တွဲ ပက်လက်လန်သွားခဲ့ပြီး ရထားတွဲ ၈ တွဲမှာလည်း ရထားလမ်းပေါ်မှ ချော်ထွက်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တိမ်းမှောက်ရသည့် အကြောင်းရင်းကို မသိရှိရသေးပါ။
ရာနဲ့ချီသော ကယ်ဆယ်ရေးအဖွဲ့များ၊ စစ်သည်များက ရထားတိမ်းမှောက်သည့်နေရာသို့ ရောက်ရှိလာကာ အပျက်အဆီးများကြားမှ ခရီးသည်များကို ညလုံးပေါက် ခက်ခက်ခဲခဲရှာဖွေ ကယ်ဆယ်ခဲ့ကြပါတယ်။
ဒဏ်ရာရနေသော ခရီးသည်အချို့ကို ရထားတွဲများအောက်တွင် တွေ့ရပြီး ကရိန်းများနဲ့ မချီကာ လွတ်မြောက် ကယ်ထုတ်ခဲ့ရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ရှိသမျှအင်အားအကုန်သုံးပြီး လုပ်ဆောင်သွားမယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ingwen က သူ့ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။
ရထားရဲ့အခြေအနေဟာ အကောင်းရှိနေရက်နဲ့ တိမ်းမှောက်ခဲ့ရတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးနေပါပြီဟု ထိုင်ဝမ်ရထားပို့ဆောင်ရေး ဌါနကတာဝန်ရှိသူ Lu Chieh-Shen က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရထားတိမ်းမှောက်မှုမှာ အမေရိကန်နိုင်ငံသား ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အခြားနိုင်ငံခြားသားများ ရှိ၊မရှိကို ဆက်လက်စစ်ဆေးလျှက်ရှိပါတယ်။
ထိုင်ဝမ်နိုင်ငံ လက်ရှိသမ္မတ Tsai ရဲ့ ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုတော့တာမို့ ယခုလို ရထားမတော်တဆမှုဖြစ်ရတာက ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။