1. Home
  2. International News

Lion လေကြောင်းလိုင်း ပျက်ကျခဲ့ရမှု နောက်ဆုံးရသတင်းများ

International News ต.ค. 30, 2561 view 1,605

အောက်တိုဘာလ ၂၈ ရက်နေ့က ဂျားဗားပင်လယ်ထဲသို့ ပျက်ကျခဲ့သော Lion လေကြောင်းလိုင်း လေယာဉ်ဟာ အစောပိုင်းခရီးစဉ် တစ်ခုမှာလည်း စက်ပိုင်းဆိုင်ရာ ပြဿနာရှိခဲ့ဖူးကြောင်း လေကြောင်းလိုင်း ကုမ္ပဏီရဲ့ စီအီးအို “အက်ဒ်ဝါ့က ဆီရိတ်” က ပြောကြားခဲ့သည်။

“ဒီလေယာဉ်ဟာ အရင်တစ်ခေါက် ‘ဒန်ပါဆာ’ ကနေ ‘ဂျာကာတာ’ ကိုပျံသန်းခဲ့တဲ့ ခရီးစဉ်မှာလည်း စက်ပိုင်းဆိုင်ရာ ပြဿနာလေးတွေရှိတယ်လို့ တင်ပြခဲ့တဲ့အတွက် လုပ်ငန်းစဉ်အတိုင်း ပြုပြင်ဆောင်ရွက်ထားခဲ့ဖူးပါတယ်”

Lion လေကြောင်းလိုင်းမှာ အလားတူ ဘိုးရင်း 737 Max 8 လေယာဉ်အသစ် ၁၁ စီးပြေးဆွဲနေပေမယ့် အခြားလေယာဉ်တွေမှာတော့ အဲဒီလိုပြဿနာတွေ မရှိဘူးလို့ ဆိုပါတယ်။ ခရီးစဉ်အမှတ် JT610 လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ အင်ဒိုနီးရှားကမ်းရိုးတန်းနဲ့ ၉ မိုင် အကွာလောက်မှာ ဂျာဗားပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်မှာ လေယာဉ်အမှူထမ်းများအပါအဝင် လူ ၁၈၉ ဦး ပါသွားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ရှာဖွေမှုများအရ ခရီးသည်တွေရဲ့ ပစ္စည်းအစအနေတွေကို ဆယ်ယူရရှိခဲ့ပြီး ခုချိန်ထိ အသက်ရှင်ကျန်ရစ်သူ မရှိသေးပါဘူး။

လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို မသိရသေးပဲ လေယာဉ်မှူးရဲ့အခန်းထဲက ဘလက်ဘောက်စ်ကို ရှာတွေ့မှ အကြောင်းရင်းကို သိရမှာဖြစ်တယ်လို့ အင်ဒိုနီးရှားပို့ဆောင်ဆက်သွယ်ရေး အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

ပြန်လည်ရှာဖွေတွေ့ထားတဲ့ ပစ္စည်းတွေထဲမှာ ဘဏ်စာအုပ်၊ ယာဉ်မောင်းလိုင်စင်၊ ဖုန်းကာဗာ စတာတွေကို ရရှိခဲ့ပြီး လေယာဉ်ရဲ့ ဘလက်ဘောက်စ် ကိုတော့ ရှာမတွေ့သေးပါဘူး။ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာတွေကိုတော့ တွေ့ရပြီး အလောင်းတွေကိုတော့ မတွေ့ရသေးဘူးလို့ အမျိုးသားကယ်ဆယ်ရေး အဖွဲ့က ဆိုပါတယ်။

လေယာဉ်မှူးဖြစ်သူ အိန္ဒိယနိုင်ငံသား Bhavye Suneja ဟာ လေကြောင်းလိုင်းမှာ အလုပ်လုပ်ခဲ့တာ ၇ နှစ်နဲ့ ၈ လကြာမြင့်ပြီဖြစ်ပြီး လေယာဉ်မောင်းချိန် နာရီ ၆,၀၀၀ ကျော်ကြာရှိထားတဲ့ လေယာဉ်မှူးလည်းဖြစ်ပါတယ်။

လေယာဉ်ထောက်လှမ်းရေး ဂြိုလ်တုစနစ်အရ လေယာဉ်ဟာ ပျံသန်းပြီး ၂ မိနစ်လောက်မှာ မီတာ ၆၁၀ အမြင့်ကို ရောက်ရှိနေရာကနေ ရုတ်တရက် ၁၅၂ မီတာလောက် ထိုးဆင်းသွားခဲ့ပါတယ်၊ အဲဒီနောက် ဘယ်ဘက်ကို ဆွဲပြီး မီတာ ၁,၅၂၄ ကို ပျံတက်ဖို့ကြိုးစားခဲ့တာကို တွေ့ရပြီး မီတာ ၁,၁၁၃ အရောက်မှာ ထောက်လှမ်းရေးစနစ်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

လေယာဉ်ပေါ်ပါသွားသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အိမ်ထောင်ပြုပြီး ၂ ပတ်အကြာမှာ အပျော်စီးသင်္ဘောပေါ်မှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့သူ ဖြစ်ကြောင်း ကျန်ရစ်သူ ဇနီးသည်က ပြောကြားခဲ့ပါတယ်။



Follow us on