1. Home
  2. International News

တစ်နေ့မှာ လှူဒါန်းဖို့ အတွက် တစ်လကို ဒေါ်လာ ၁၀၀ ပဲသုံးတဲ့ မင်းသားကြီး ချောင်ရွန်ဖတ်

International News พ.ย. 13, 2561 view 1,844

ကမ္ဘာပေါ်က ရုပ်ရှင်ကြယ်ပွင့်တွေကြားမှာ အနှိမ့်ချတတ်ဆုံး သူတစ်ယောက်ဖြစ်ကြောင်း ဟောင်ကောင်ဂန္တ၀င်သရုပ်ဆောင်ကြီး ချောင်ရွန်ဖတ်က ပြသလိုက်ပြန်ပါပြီ။ သူဟာ တစ်လကို ဟောင်ကောင်ဒေါ်လာ ၈၀၀ (အမေရိကန်ဒေါ်လာ ၁၀၂) သာ အသုံးပြုပြီး သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို တစ်နေ့မှာ လှူဒါန်းနိုင်ဖို့အတွက် စုဆောင်းထားပါတယ်။

ကချောင်ရဲ့ ဇနီးဖြစ်သူ ဂျက်စမင်တန် ကတော့ သူ့အမျိုးသားဟာ ကမ္ဘာပေါ်က ဈေးအကြီးဆုံးမြို့ကြီးတစ်မြို့မှာ ပစ္စည်းအသစ်တွေ တော်ရုံဝယ်လေ့မရှိပဲ လမ်းဘေးဈေးဆိုင်တွေမှာ စားသောက်ပြီး ချွေချွေတာတာ နေနိုင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ချောင်ရွန်ဖတ်က ၁၇ နှစ်လုံးလုံး သူစိတ်ချရတဲ့ နိုကီယာ ခေါက်ဖုန်းလေးကိုသာ အသုံးပြုခဲ့ပြီး တလောက သူ့ဖုန်းလေး ပျက်သွားမှသာ စမတ်ဖုန်းအသစ်တစ်လုံး ၀ယ်ယူခဲ့တာပါ။

အသက် ၆၃ နှစ်အရွယ် မင်းသားကြီးချောင် ကို ၉၈ ယွမ် (၁၄ ဒေါ်လာ) သာ ကျသင့်တဲ့ ရှပ်အကျီနဲ့ ၁၅ ယွမ် (၂ ဒေါ်လာ) သာ ရှိတဲ့ ကြိုးသိုင်းဖိနပ်ကို ၀တ်ဆင်ပြီး ဘတ်စ်ကားစီးနင်းနေတာကို တစ်ခါတစ်ရံ မြင်တွေ့ရတတ်ပါတယ်။ ဒီလောက် ကြွယ်ဝချမ်းသာနေတာတောင် ဘာကြောင့်များ လျှော့ဈေးဆိုင်တွေမှာ ဈေးဝယ်ရတာကြိုက်လဲ လို့ မေးလာတဲ့အခါ ချောင်က "ကျွန်တော် အ၀တ်အစားဝတ်နေတာသူများတွေအတွက်မဟုတ်ပါဘူး၊ကိုယ်သက်တောင့်သက်သာဖြစ်မယ်ထင်တာ ဘာမဆိုဝတ်တာပါပဲ။" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ယခင်အပတ်က သူ့ရဲ့နောက်ဆုံးထွက်ရုပ်ရှင်ဖြစ်တဲ့ Project Gutenberg ရုပ်ရှင်ကို ထိုင်ဝမ်မှာ Promotion လုပ်နေတဲ့အချိန် ချောင်ရွန်ဖတ်တစ်ယောက် တိုင်ပေ MRT ရထားစီးနင်းနေတာ၊ Da'an Forest ပန်းခြံထဲ လမ်းလျှောက်နေတာ၊ ထိုင်ဝမ်အမျိုးသားပန်းဥယျာဉ်ထဲ အပြေးလေ့ကျင့်နေတာတွေကို တွေ့မြင်ခဲ့ရပါတယ်။

သူ လေ့ကျင့်ခန်းမပြုလုပ်တဲ့အချိန်တွေမှာတော့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးခါစ ဟောင်ကောင်လမ်းတွေကို ကူညီသန့်ရှင်းပေးတာမျိုး ဒါမှမဟုတ် သူသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင် လက်မှတ်တန်းစီနေတာမျိုး လုပ်နေတတ်ပါတယ်။ ချောင်ဟာ သူ့ရဲ့အားလပ်ချိန်အတော်များများကို ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ပြီး ကုန်ဆုံးတတ်ပါတယ်။ ချောင်နဲ့ သူ့ဇနီးမှာ သားသမီးမရှိပါဘူး။ ချောင်က သူဆုံးပါးသွားတဲ့အခါ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းသွားမယ်လို့ ပြောဆိုထားပါတယ်။

ချောင်က "ဒီပိုက်ဆံတွေကို ကျွန်တော်ပိုင်ဆိုင်တယ်လို့ တကယ်မခံစားမိဘူး၊ ကျွန်တော်က ယာယီထိန်းသိမ်းထားပေးတဲ့သူလို့ပဲ မြင်တယ်" လို့ ၂၀၁၄ တုန်းက ပြောခဲ့ဖူးပါတယ်။ ချောင်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ခန့်မှန်းခြေ ဟောင်ကောင်ဒေါ်လာ ၅.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁၄ မီလီယံ) ရှိလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။
Ref www.telegraph.co.uk



Follow us on