1. Home
  2. International News

လေယာဉ်ပျံသန်းစဉ် အင်ဂျင်ကာဗာ ပြဲထွက်မှုကြောင့် ခရီးသည်များ ကမ္ဘာပျက်မတက်ဖြစ် (ရုပ်သံ)

International News ธ.ค. 04, 2561 view 1,702

ဖရန်တီးယားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းထွက်ခွာစဉ် လေထုထဲသို့အရောက်၌ လေယာဉ်ညာဘက်ခြမ်းရှိ ဂျက်အင်ဂျင်ကို ကာရံထားသော သတ္တုစများ ပြဲလန်ထွက်ခဲ့တဲ့ မြင်ကွင်းကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်များ ကမ္ဘာပျက်လုမတက် အော်ဟစ်ငိုယိုမှုများနဲ့ ထိတ်လန့်ကြောင်ရွံ့ခဲ့ကြရပါတယ်။

ဒီမြင်ကွင်းကို မြင်ပြီးနောက်မှာတော့ အော်သူကအော်ဟစ်၊ ငိုယိုသူက ငိုယိုနေခဲ့ကြသလို တစ်ချို့ကလည်း သူတို့ရဲ့ ချစ်ခင်ရသူတွေဆီကို ဖုန်းတွေဆက်ပြီး နှုတ်ဆက်စကားတွေ ပြောနေခဲ့ကြတယ်လို့ အဆိုပါလေယာဉ်ပေါ်မှာ လိုက်ပါသွားခဲ့ပြီး ရုပ်သံကို ရိုက်ကူးခဲ့သူ “Stella Ponce” က ဆိုပါတယ်။


ခရီးသည်တွေဟာ လေယာဉ်ပေါ်မှာ ခုန်ပေါက်ငိုယိုနေကြသလို လေယာဉ်အမိုးကို တဝုန်းဝုန်းထုကာ ကမ္ဘာပျက်သလို အော်နေခဲ့ကြတယ်လို့ အဲဒီအချိန်က အဖြစ်ပျက်ကို Stella က ပြန်လည်ပြောပြခဲ့ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၂၇ မိနစ်မှာ လာ့စ်ဗေးဂတ်စ် ကနေ တန်ပါ ကို ပျံသန်းခဲ့တဲ့ ဖရန်တီးယားလေကြောင်းလိုင်း ခရီးစဉ်မှာ ခရီးသည် ၁၆၀ လိုက်ပါလာခဲ့ပါတယ်။ လေယာဉ်ပျံတက်ပြီး ၁၅ မိနစ်လောက်အကြာမှာပဲ အင်ဂျင်ကာဗာ ပြဲသွားခဲ့ပါတယ်။ လေယာဉ်အမှူထမ်းတွေက ထိတ်လန့်နေတဲ့ ခရီးသည်တွေကို နှစ်သိမ့်ပြီး လေယာဉ်ကို အမြန်ဆုံး ပြန်လှည့်ဖို့ လုပ်ဆောင်ခဲ့ပါတယ်လို့ လေယာဉ်မှူးက ပြောဆိုခဲ့ပါတယ်။


အခုလို ဖြစ်နေချိန်မှာပင် လေယာဉ်ပေါ်က ဓါတ်ပုံတွေ တွစ်တာမှာ ပျံ့နှံ့သွားခဲ့ပြီး အွန်လိုင်းပေါ်က လူတွေက ခရီးသည်တွေအတွက် မနက်စာအခမဲ့ စီစဉ်ပေးသင့်တယ်လို့ ဝိုင်းဝန်းရေးသားခဲ့တာကြောင့် လေကြောင်းလိုင်းဟာ လာ့စ်ဗေးဘတ်စ်သို့ ပြန်လည် ဆင်းသက်စဉ် ခရီးသည်တွေကို နံနက်စာ စီစဉ်ပေးခဲ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခရီးစဉ်တွေမှာ အသုံးပြုနိုင်ဖို့ ဒေါ်လာ ၅၀၀ တန် ဘောင်ချာတွေလည်း ခရီးသည်တွေ ရရှိခဲ့ကြတယ်လို့ သိရှိရပါတယ်။



Follow us on