1. Home
  2. International News

အမေရိကန်ကျောင်းသား သေဆုံးမှု ကန်ဒေါ်လာ ၅၀၁ သန်း မြောက်ကိုရီးယား ပေးလျော်ရမည်

International News ธ.ค. 26, 2561 view 1,665

၂၀၁၇ ခုနှစ်က အမေရိကန်ကောလိပ်ကျောင်းသားတစ်ဦး မြောက်ကိုရီးယားအကျဉ်းထောင်အတွင်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရကာ သေဆုံးခဲ့ရမှုအတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၅၀၁ သန်းကို မြောက်ကိုရီးယားတို့အနေနဲ့ ပေးလျော်ရမည်ဖြစ်ကြောင်း အမေရိကန်တရားရုံးက ဒီဇင်ဘာ ၂၅ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။


အသက် ၂၂ နှစ်အရွယ် အမေရိကန်ကောလိပ်ကျောင်းသား “အိုတို ဖက်ဒရစ် ဝမ်ဘီယာ” ဟာ မြောက်ကိုရီးယားအကျဉ်းထောင်မှာ ဖမ်းဆီးနှိပ်စက် ပိတ်လှောင်ခံထားရပြီးနောက် သတိလစ်မေ့မျော(ကိုမာ) အပြင်းအထန်ခံစားနေရချိန်မှာမှ အမေရိကန်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ အမေရိကန်ကို ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာမှာပဲ “အိုတို” သေဆုံးသွားခဲ့ပါတယ်။

ညှင်းပမ်းနှိပ်စက်မှု၊ ဓါးစာခံပြုထားမှု၊ အလွန်အကျူးတရားစီရင်မှုတို့ကြောင့် “အိုတို ဝမ်ဘီယာ” သေဆုံးခဲ့ရတဲ့အတွက် ကျန်ရစ်သူ မိဘနှစ်ပါး ထိခိုက်နာကျင်ခံစားခဲ့ရမှုတွေအတွက် (ပြုံယမ်း)မြောက်ကိုရီးယားမှာ တာဝန်အပြည့်အဝရှိတယ်” လို့ ကိုလံဘီယာပြည်နယ် တရားသူကြီး Beryl Howell က ပြောကြားခဲ့ပါတယ်။

အကျဉ်းထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရမှု၊ အိပ်ဆေးများ ထိုးသွင်းမှု။ မသန့်ရှင်းသည့် အစားအစာများကြောင့် ရောဂါပိုးဝင်ခဲ့ရခြင်းတို့အတွက် ပြုံယမ်းကို အပြစ်တင်ဝေဖန်ထားပါတယ်။


“အိုတို ဖက်ဒရစ် ဝမ်ဘီယာ” ဟာ ၂၀၁၆ ခုနှစ်က ဟောင်ကောင်ကို နိုင်ငံခြားပညာသင်အဖြစ် သွားရောက်ခဲ့ချိန်မှာ မြောက်ကိုရီးယားနိုင်ငံကို ခရီးသွားဝန်ဆောင်မှု အစီအစဉ်နဲ့ ခေတ္တဝင်ရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီကာလမှာ ဝါဒဖြန့်ပိုစတာတစ်ခုကို ခိုးယူရန်ကြိုးစားခဲ့တယ်လို့ မြောက်ကိုရီးယားတို့က စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ နျူကိစ္စနဲ့ အကြီးအကျယ် တင်းမာနေကြချိန်လည်းဖြစ်ပါတယ်။

ညှင်းပမ်းနှိပ်စက်ခံရမှုတွေကြောင့် ၂၀၁၇ ခုနှစ်မှာ သတ်ပြန်မလည်တော့သည့်(ကိုမာ) ရသွားခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လမှာ မြောက်ကိုရီးယားက ပြန်လည်လွတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ကို ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။



Follow us on