1. Home
  2. International News

ဆော်ဒီနိုင်ငံမှ ရိုဟင်ဂျာ အယောက် ၂၅၀ ကို တိုင်းပြည်မှ နှင်ထုတ်ကာ နေရပ်ပြန်ပို့မည်

International News ม.ค. 21, 2562 view 1,865
ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျဒါးထိန်းသိမ်းရေးစခန်းထဲ ရောက်ရှိနေသော ရိုဟင်ဂျာ အယောက် ၂၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ရန် ဆော်ဒီအာဏာပိုင်များ စီစဉ်နေပြီး ယခုလို တိုင်းပြည်မှနှင်ထုတ် ခံရမှုဟာ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြပါရှိသည်။
 
ဆော်ဒီနိုင်ငံတွင် ရိုဟင်ဂျာ ၃ သိန်းနီးပါး ရောက်ရှိနေပြီး အချို့မှာ ဆော်ဒီတွင် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများ ရရှိထားကြသူများဖြစ်ကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်သူ နေဆန်းလွင် ဆိုသူက ပြောကြားခဲ့ပြီး ယခုကဲ့သို့ တိုင်းပြည်မှ ဖိအားပေးနှင်ထုတ်မှုကို ဆော်ဒီအစိုးရအနေနဲ့ ရပ်တန်းက ရပ်သင့်ကြောင်း ပြန်ပို့ခံရသူများမှာ ဘင်္ဂလားဒေ့ရှ်ရောက်သည်နှင့် တစ်ပြိုင်နက် ထောင်ကျခံရမည်ဟု ၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။
 
နိုင်ငံအတွင်းရှိ ထိန်းသိမ်းရေးစခန်းထဲကို လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကတည်းက ရောက်ရှိနေသော ရိုဟင်ဂျာအချို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဏာပိုင်များက ဂျဒါးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခေါင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ် လေယာဉ်ပေါ်တင်ပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အဆိုပါလေယာဉ်ဟာ တနင်္ဂနွေ ညပိုင်း သို့မဟုတ် တနင်္လာနေ့နံနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာသို့ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ရိုဟင်ဂျာအများစုမှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နဲ့ နီပေါနိုင်ငံများမှ နိုင်ငံကူးလက်မှတ်များကို လူကုန်ကူးသူများထံကနေ စာရွက်စာတမ်းအတုများနဲ့ ရယူထားကြသူများဖြစ်ကြောင်း နေဆန်းလွင် က ထည့်သွင်းပြောကြားခဲ့သည်။
 
၂၀၁၁ ခုနှစ် နောက်ပိုင်းက စတင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံက ရိုဟင်ဂျာများ ဝင်ရောက်မှုကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစောင့်ကြည့်ရေး (MEE) ရဲ့ အစီရင်ခံစာအရ မနှစ်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိလာပြီးနောက် ဆော်ဒီရှိ ရိုဟင်ဂျာများကို တိုင်းပြည်မှ နှင်ထုတ်ရန် စတင်ပြင်ဆင် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။


Follow us on