ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးပြိုလဲမှုဟာ နလန်ပြန်ထူနိုင်တဲ့ အခြေအနေမရှိ ပြည်သူတွေဟာ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်လပ်မှုများ နိုင်ငံတွင်းမှာ ကြုံနေရပါတယ်။ ဒါပေမယ့် အာဏာကို တပ်မက်နေတဲ့ ဗင်နီဇွဲလားသမ္မတ “မာဒူရို” အစိုးရအဖွဲ့ကတော့ ခေါင်းမာစွာနဲ့ အခြားနိုင်ငံများရဲ့ ကူညီထောက်ပံ့မှုတွေကို ငြင်းပယ်ပြီး သူ့နိုင်ငံထဲ ဝင်မလာနိုင်အောင် နယ်စပ်ဂိတ်လမ်းမကြီးတွေကို ကွန်တိန်နာကားကြီးတွေ ဆီဘောက်ဆာကြီးတွေ့နဲ့ ခုခံလမ်းပိတ်ဆို့ထားပါတယ်။
အစိုးရရဲ့ လုပ်ရပ်ဟာ ပြည်သူ ၃၀၀,၀၀၀ ကို စိတ်သောကတွေရောက်စေတယ်လို့ အတိုက်အခံခေါင်းဆောင် “ဂွါဒီဒို” က ဝေဖန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံက စားနပ်ရိက္ခာထောက်ပံ့ရေး ကားတွေ နိုင်ငံထဲမဝင်နိုင်အောင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားစစ်တပ်က ကွန်တိန်နာတွေ ဆီသယ်ကားတွေကို နယ်စပ်မြို့ဖြစ်တဲ့ ချူကူတာမြို့ တံတားကြီးပေါ်မှာ ကာရံပိတ်ဆို့ထားခဲ့ပါတယ်။ အမေရိကန်တို့က “ဂွါဒီဒို” အာဏာရလာအောင် ပံ့ပိုးပေးနေပြီး လူတွေအတွက် ထောက်ပံ့စရိတ် ဒေါ်လာသန်း ၂၀ ပေးမယ်လို့လည်း ကတိပြုထားပါတယ်။
ဗင်နီဇွဲလားသမ္မတ “မာဒူရို”
ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးဟာ ပြိုလဲခဲ့ပြီး ၂၀၁၅ ခုနှစ်ကစလို့ နိုင်ငံထဲကနေ လူဦးရေ ၂.၃ သန်းလောက် ထွက်ပြေးခဲ့ကြပါတယ်။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကလည်း လူသားခြင်းစာနာထောက်ထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို နှစ်ဆထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ပေမယ့် သမ္မတမာဒူရို က ပြည်ပကဘာအထောက်အပံ့မှ လက်မခံဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင်သမ္မတက ငါ့တိုင်းပြည်ကလူတွေကို အရှက်ကွဲစေမယ့် အဖြစ်မျိုး အဖြစ်မခံနိုင်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ တရုပ်၊ ရုရှား၊ တူရကီ နဲ့ ကျူးဘားတို့ကလည်း ဗင်နီဇွဲလားနိုင်ငံထဲကို အမေရိကန်တွေ ဝင်လာမှာစိုးတဲ့အတွက် သမ္မတမာဒူရို ဘက်ကနေ ပံ့ပိုးနေကြပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ မာဒူရို ရဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကို နှစ်ဆနစ်နာစေတယ်လို့ ဆိုပါတယ်။ အကယ်၍ အထောက်အပံ့ပစ္စည်းတွေကိုသာ လက်ခံမယ်ဆိုရင် တိုင်ပြည်အင်အားရှိလာဖို့ အခွင့်အရေးရှိပြီး ဒီလိုသာ ဆက်ပြီး ပိတ်ထားမယ်ဆိုရင်တော့ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗင်နီးဇွဲလားစစ်တပ်အနေနဲ့ “ဂွါဒီဒို” ရဲ့ ဦးဆောင်မှုနောက်ကိုသာ လိုက်သင့်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး “ဘော်လ်တွန်” က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က “ဂွါဒီဒို” က သူဟာ ကြားဖြတ်သမ္မတဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းကြေညာချက်ကို အမေရိကန်နဲ့ အခြားနိုင်ငံ ၁၀ နိုင်ငံတို့က အသ်အမှတ်ပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ “မာဒူရို” နဲ့ “ဂွါဒီဒို” နှစ်ဦးစလုံးက စစ်တပ်ရဲ့ သြဇာခံသစ္စာရှိလာမှုအတွက် အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။
(ပိုပိုလေး)