1. Home
  2. International News

သမ္မတဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်အဖြစ် ဂျပန်ဝန်ကြီးချုပ်အဆိုပြု

International News ก.พ. 19, 2562 view 1,637
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့ကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်အဖြစ် ဂျပန်ဝန်ကြီးချုပ်က အဆိုပြုလာကြောင်း အိမ်ဖြူတော်ကနေတစ်ဆင့် ပြောကြားခဲ့ပြီးနောက် ဂျပန်နိုင်ငံဝန်ကြီးချုပ် “ရှင်ဇိုအာဘေး” က အမေရိကန် အစိုးရရဲ့ တောင်းဆိုချက်အရသာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်အဖြစ် အဆိုပြုပေးခဲ့ရတာဖြစ်ကြောင်း ဂျပန်သတင်းစာ အဆာဟိ က တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ သောကြာနေ့တွင် သမ္မတဒေါ်နယ်ထရမ့် က မြောက်ကိုရီးယားနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့ပြီး တင်းမာမှုတွေ ဖြေလျှော့နိုင်ခဲ့တဲ့အတွက် သူအား ဂျပန်နိုင်ငံကတောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖြစ်ထိုက်သူအဖြစ် အဆိုပြုခံခဲ့ရတယ်လို့ အခိုင်အမာပြောဆိုလိုက်ပြီးနောက် ဂျပန်သတင်းစာက အခုလို ထုတ်ဖော် ရေးသားလိုက်တာ ဖြစ်ပါတယ်။
 
ဂျပန်နိုင်ငံခေါင်းဆောင်က အဆိုပြုလွှာနဲ့ပက်သက်ပြီး ရေးသားထားတဲ့ စာမျက်နှာ ၅ မျက်နှာရှိ စာရှည်ကြီးကို သူထံပေးပို့ခဲ့တယ်လို့ ထရမ့် က အိမ်ဖြူတော် သတင်းညီလာခံမှာ ပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဇွန်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် နဲ့ ဒေါ်နယ်ထရမ့်တို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးမှု အပေါ် ဂျပန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးဆုရှင်အဖြစ် အဆိုပြုဖို့ အမေရိကန်အစိုးရဘက်က တောင်းဆိုတာ ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဂျပန်အစိုးရရဲ့ ခိုင်လုံတဲ့ သတင်းရပ်ကွပ်ကနေ သိရကြောင်း အဆာဟိ မှာ ဖော်ပြခဲ့ပါတယ်။
 
အဆိုပါကိစ္စနဲ့ပက်သက်ပြီး ရိုက်တာသတင်းဌါနက အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ရာမှာ ချက်ခြင်းတုံ့ပြန် ပြောဆိုဖြေကြားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
နိုဗယ်ဆုချီးမြှင့်ရေး ဖောင်ဒေးရှင်းရဲ့ ဝဘ်ဆိုက်မှာတော့ နိုဗယ်လ်ဆုက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ မည်သူ့ကိုမဆို နိုဗယ်လ်ဆုရှင်အဖြစ် လျှောက်ထားနိုင်ကြောင်းဖော်ပြထားပါတယ်။ စည်းကမ်းသတ်မှတ်ချက်အရ နိုဗယ်လ်ဆုမှ ပယ်ချခံရသူတွေရဲ့ အမည်နဲ့ အချက်အလက်တွေကို နှစ်ပေါင်း ၅၀ ထိ ထိန်းသိမ်းထားပြီး ထုတ်ဖော်ပြောကြားမည်မဟုတ်ဟု ရေးသားထားပါတယ်။


Follow us on