မကြာမီကျရောက်လာတော့မယ့် ၂၀၁၉ ခုနှစ် အတာသင်္ကြန်ပွဲတော်တွင် ပါဝင်ရေကစားကြမည့်သူများ အရက်သေစာသောက်စားခြင်း၊ လုံလုံခြုံခြုံဝတ်စားဆင်ယင်မှု မရှိခြင်း၊ အရက်သောက်ကာ ယာဉ်မောင်းခြင်း၊ ရေအားပြင်းသည့် ပိုက်များအသုံးပြုခြင်း စသည်တို့ကို ကျူးလွန်ပါက ထောင်ဒဏ်နဲ့ ငွေဒဏ်များ အသီသီး ချမှတ်ခံရမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ကြိုတင်သတိပေး နှိုးဆော်ထားသည်။
ရေကစားကြသူများအနေနှင့် ယခုနှစ် အတာသင်္ကြန်ပွဲတော်တွင် ယဉ်ကျေးမှုနှင့်အညီ ရေကစားခြင်းမရှိပါက ကျခံရမည့်ထောင်ဒဏ်နှင့် ငွေဒဏ်ပမာဏများမှာ အလွန်များပြားလွန်းသည်ဟု အချို့ကဝေဖန်ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ အနေနဲ့လည်း အတာသင်္ကြန်ပွဲတော်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကိုမလိုက်နာပါက ထိုင်းနိုင်ငံ၏ ထုတ်ပြန်ကြေညာထားချက်များအတိုင်း ကြီးလေးသည့် ပြစ်ဒဏ်များကို မလွဲမသွေကျခံရမည်ဖြစ်သည့်အတွက် အထူးသတိပြုကြဖို့ လိုပါတယ်။
မူးယစ်သောက်စားထားပါက ထောင်ဒဏ် (၆) လနှင့်အတူ မြန်မာငွေသိန်း (၃၀) နှင့် ညီမျှသည့် ထိုင်းဘတ်ငွေ (၆) သောင်းကိုပေးဆောင်ရမည်ဖြစ်သည်။ ယခုနှစ်အတာသင်္ကြန်ပွဲတော်အတွက် ရေကစားသူများလိုက်နာရမည့် စည်းကမ်းချက်များကို ဘာသာစကားနှစ်မျိုးဖြင့် ယခုသတင်းနှင့်အတူ ပူးတွဲ၍ ဖော်ပြပေးထားပါသည်။
ထိုင်းနိုင်ငံသည် ယခုနှစ်သင်္ကြန်ပွဲတော်ကို ထိုင်းရိုးရာယဉ်ကျေးမှု ဓလေ့များနှင့်အညီ ဆင်ယင်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု လေ့လာသူအချို့က သုံးသပ်ပြောဆိုကြသည်။ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် (၇၆) ခုတွင် မြန်မာအလုပ်သမား သိန်း (၃၀) ကျော် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - ကရင်အမျိုးသားမီဒီယာ