1. Home
  2. International News

မူကြိုကလေးများအုပ်စုကို ကားကအရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မှုဖြစ်ပွား

International News พ.ค. 09, 2562 view 1,814
ဂျပန်နိုင်ငံတွင် မေလ ၈ ရက် ဗုဒ္ဓဟူးနေ့က မူကြိုကလေးများနှင့် ဆရာများ အတူလမ်းလျှောက်လာရာ ယာဉ်မတော်တဆမှုနဲ့ ကြုံခဲ့ပြီး ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်ခဲ့မှုကြောင့် ကလေး ၂ ဦး သေဆုံးကာ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့သူတွေထဲက ၂ ယောက်က ဆေးရုံပေါ်မှာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း NHK သတင်းမှာ ဖော်ပြထားပါတယ်။
 
ဒဏ်ရာရရှိခဲ့တဲ့ ကလေးတွေနဲ့ ဆရာနှစ်ယောက်ကို ဆေးရုံတင်ပို့ခဲ့ပြီး သိပ်မကြာမီမှာ အသက် ၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးတို့ သေဆုံးသွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
NHK ရုပ်သံမှာ ပါရှိတဲ့ပုံရိပ်တွေအရ ကားနှစ်စီးဟာ လမ်းရဲ့ ထောင့်ချိုးတစ်ဖက်စီမှာ လည်ထွက်လျှက် အနေအထားနဲ့တွေ့ရပြီး ကလေးတွေရဲ့ ကျောပိုးအိတ်ရောင်စုံလေးတွေ လမ်းပေါ်မှာ ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။ မူကြိုကလေးတွေဟာ ရေကန်ကြီး တစ်ခုဆီကို လည်ပတ်ပြီး ပြန်အလာမှာ အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။
 
မတော်တဆဖြစ်တဲ့ ကားနှစ်စီးလုံးရဲ့ ယာဉ်မောင်းတွေဟာ အမျိုးသမီးတွေဖြစ်ပြီး တစ်ဦးက အသက် ၆၂ နှစ်နဲ့ ကျန်တစ်ဦးက ၅၂ နှစ်ဖြစ်ကာ နှစ်ယောက်စလုံး ဖမ်းဆီးခံထားရပါတယ်။ လက်တလော ဂျပန်နိုင်ငံရဲ့ ယာဉ်တိုက်မှုအများစုဟာ သက်ကြီးရွယ်အိုတွေ ကိုယ်တိုင်ကားမောင်းနှင်တာကြောင့် အဖြစ်များနေပါတယ်။
 
 
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မိခင်တစ်ယောက်နဲ့ ကလေး ၃ ယောက်တို့ လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးနေစဉ် အသက် ၈၇ နှစ်အရွယ် အမျိုးသားကြီးမောင်းနှင်လာတဲ့ကားက ဝင်တိုက်ပြီး အားလုံး သေဆုံးသွားခဲ့ပါတယ်။
 
ဒီလိုအဖြစ်ပျက်တွေ ဆက်တိုက်ဖြစ်လာပြီးနောက်မှာ အသက်ဘယ်လောက်ထိသာ ကားမောင်းဖို့ကို ခွင့်ပြုသင့်လဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
 


Follow us on