1. Home
  2. International News

သမ္မတဒူးတာတေး က သူဟာ မိန်းမလျာဖြစ်ဖို့ နဲနဲလေးပဲလိုခဲ့ကြောင်း ပြောကြား

International News มิ.ย. 12, 2562 view 1,560
ဖိလစ်ပိုင်သမ္မတ ‘ဒူးတာတေး’ က သူဟာ မိန်းမလျာ ဖြစ်တော့မလို အချိန်လေးမှာ အရမ်းလှပတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးလိုက်တာကြောင့် မိန်းမလျာဘဝကနေ သီသီလေး လွတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံစဉ် သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
 
သမ္မတ‘ဒူတာတေး’ ဟာ စကားကို ရင့်ရင့်သီးသီး ပြောဆိုမှု၊ စော်ကားမော်ကားပြောဆိုမှု၊ လက်လွတ်စပယ်ပြောဆိုမှုတွေနဲ့ နာမည်ကြီးတဲ့ သမ္မတတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ ပြိုင်ဘက်တွေ၊ ရန်ဘက်တွေကို နောက်ပြောင်ကျီစယ်သလိုလိုနဲ့ ပြစ်ပြစ်နှစ်နှစ်ပြောဆို တိုက်ခိုက်တတ်သူ ဖြစ်ပါတယ်။
 
 
အခုနောက်ဆုံး တိုကျိုမြို့မှာ ပြောခဲ့တဲ့ မိန်းခွန်းမှာ သူ့ကိုအမြဲဝေဖန်တတ်တဲ့ ဖိလစ်ပိုင်လွှတ်တော်အမတ် ‘Antonio Trillanes’ ဟာ မိန်းမလျာ(Gay) ဖြစ်တယ်လို့ အရွန်းဖောက်သလိုလိုနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
 
“တစ်ကယ်တော့ Trillanes နဲ့ ကျွန်တော်က အတူတူပါပဲ။ ကျွန်တော်လဲ မိန်းမလျာ ဘဝရောက်တော့မလို့ သီသီလေးပဲလိုတော့တယ်၊ ဒါပေမယ့် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကုစားပြီးတော့ ယောက်က်ျားစစ်စစ်တစ်ယောက် ဘဝပြန်ရောက်အောင် လုပ်နိုင်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။
 
“အရမ်းချောမောတဲ့ အမျိုးသမီးတစ်ယောက်က ကုပေးလိုက်တာပေါ့ဗျာ” ဟု သူ့ရဲ့ အရင်ဇနီးဟောင်းကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။
 
‘ဒူတာတေး’ ဟာ သမ္မတဖြစ်ဖို့မဲဆွယ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက သူသမ္မတဖြစ်ရင် လိင်တူခြင်းလက်ထပ်တာကို အားပေးမယ်လို့ အသံကောင်းလွှင့်ခဲ့ပေမယ့် သမ္မတဖြစ်လာတဲ့အခါ ဒီစကားကို ရုတ်သိမ်းခဲ့သလို၊ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေကိုလည်း လစ်လျူရှုထားခဲ့ပါတယ်။ ဒါအပြင် လိင်တူခြင်းဆက်ဆံတဲ့ ကိစ္စကိုလည်း စော်ကားမော်ကား ပြောဆိုတာတွေလည်းရှိခဲ့ပါတယ်။ ဒီလိုစော်ကားခံရတဲ့အထဲမှာ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Philip Goldberg လည်း အပါအဝင်ဖြစ်ပါတယ်။
 
မိန်းမလျာနဲ့ လိင်ပြောင်းသူများကို ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Bahaghari က သမ္မတဒူးတာတေး ရဲ့ မှတ်ချက်တွေဟာ သူတို့အသိုင်းအဝိုင်းအတွက် အင်မတန်အန္တရာယ်ရှိပြီး နစ်နာစေတယ်လို့ ထောက်ပြခဲ့ပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နဲ့ အမေရိကန် စိတ်ပညာရှင်များအစည်းအရုံးက လိင်တူခြင်းချစ်ကြိုက်ဆက်ဆံမှုဟာ စိတ်ရောဂါ မဟုတ်ပဲ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုတစ်မျိုးသာဖြစ်ကြောင်း သတ်မှတ်ယူဆထားကြပါတယ်။
 
ဖိလစ်ပိုင်နိုင်ငံဟာ လိင်တူချစ်သူများအတွက် ပိုမိုလွပ်လပ်ပွင့်လင်းလာနေပြီလို့ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းရနေပေမယ့် လက်တွေ့မှာတော့ လိင်တူချစ်သူတွေအတွက် တရားဝင် အကာအကွယ်ရမှုတွေ လစ်ဟာနေသေးကြောင်း ဖိနှိပ်ခံနေရသူတွေက သတိပေးထားပါတယ်။


Follow us on