1. Home
  2. International News

အမေရိကန်နိုင်ငံကို ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ သားအဖနှစ်ဦးရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်

International News มิ.ย. 26, 2562 view 1,810
မက္ကစီကိုနယ်စပ်ကနေ အမေရိကန်နိုင်ငံထဲကို ရေကူးပြီး ဖြတ်ကျော်ဝင်ဖို့ ကြိုးစားခဲ့တဲ့ သားအဖနှစ်ဦး စလုံး အမေရိကန်နိုင်ငံဘက်ကို မရောက်ခင် ရွံရေလွှမ်းနေတဲ့ မြစ်ထဲမှာရေနစ်သေဆုံးခဲ့ပါတယ်။ အသက် ၂ နှစ်တောင် မပြည့်သေးတဲ့ ကလေးနဲ့ ဖခင်ဖြစ်သူတို့နှစ်ဦးဟာ မှောက်လျက်အနေအထားနဲ့ အသက်မဲ့စွာမျောပါလာပြီး ကမ်းစပ်ကို ဆိုက်လာတဲ့ ဓါတ်ပုံတွေဟာ ကြည့်မိသူတိုင်း ရင်နင့်စေခဲ့ပါတယ်။
 
 
၂၃ လ အရွယ် သမီးလေး Valeria ရဲ့ ဦးခေါင်းဟာ ဖခင်ဖြစ်တဲ့ Oscar Alberto Martinez Ramirez ရဲ့ တီရှပ်အင်္ကျီအနက်ထဲမှာ ရောက်နေပြီး သားအဖနှစ်ဦးစလုံးဟာ ကလေးရဲ့မိခင်၊ Oscar ရဲ့ ဇနီး Tania Vanessa Avalos ရဲ့ ရှေ့မှာတင် ရေနစ်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
 
အဆိုပါဓါတ်ပုံဟာ နယ်စပ်ကနေ ခိုးပြီးဖြတ်ကျော်ဝင်ရောက်လာတဲ့သူတွေအတွက် အန္တရာယ်ကြီးပြီး အခန့်မသင့်ရင် အသက်နဲ့ပါလဲလိုက်ရတဲ့ အဖြစ်ကို မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။
 
 
သေဆုံးသူ Oscar ရဲ့ မိခင်က သားဖြစ်သူကို အမေရိကန်နဲ့ ပက်သက်တဲ့ အိမ်မက်ကို စွန့်လွှတ်ဖို့ တိုက်တွန်းခဲ့ပေမယ့် သားဖြစ်သူဟာ သူ့ရဲ့မိသားစုကိုခေါ်ပြီး မိုင်ပေါင်း ၁၄၀၀ ဝေးတဲ့ ခရီးကို စကားနားမထောင်ပဲ ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် အမေရိကန်နိုင်ငံကိုရောက်ရင် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် လုပ်ကိုင်ခွင့်နဲ့ မိသားစုဘဝ တိုးတက်ပြီး အိမ်ပိုင်ယာပိုင်နဲ့ နေနိုင်လိမ်ုမယ်လို့ အခိုင်အမာ ယုံကြည်ပြီး ထွက်လာခဲ့တာဖြစ်ပါတယ်။
သားအမိသားအဖ သုံးဦးဟာ အမေရိကအလယ်ပိုင်းနိုင်ငံ El Savador မြို့ကဖြစ်ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်က မက္ကစီကို အမေရိကန်နယ်စပ်မြို့ဖြစ်တဲ့ Matamoro ကို ရောက်လာခဲ့ကြပါတယ်။အဲဒီနောက် ဒုက္ခသည်အဖြစ် ခံယူရန် လျှောက်ထားဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
 
 
နယ်ခြားနှစ်ခုကို ဆက်သွဘ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ တံတားက တနင်္လာနေ့ထိ ပိတ်ထားမှာ ဖြစ်တာကြောင့် သူတို့မိသားစုက ရေထဲကနေ ဖြတ်ကျော်ပြီး တက္ကဆက်ပြည်နယ်ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
 
ဖခင်ဖြစ်သူက သမီးလေး Valeria ကို သူ့ရဲ့ တီရှပ်အင်္ကျီအောက်ထဲထည့်ကာ ကျောပိုးပြီး အရင်ဖြတ်ကူးပါတယ်၊ ဇနီးသည်ကတော့ နောက်ကနေ သူတို့ရဲ့ အသိမိတ်ဆွေတွေနဲ့အတူ ကူးလာခဲ့ပါတယ်။
 
ရေစီးကြမ်းတဲ့ မြစ်ထဲမှာ ကူးခတ်ရင်း အမေရိကန်ဘက်အခြမ်းကို ရောက်အောင်ကြိုးစားနေဆဲမှာ ဖခင်ဖြစ်သူ မောပန်းပြီး လက်ပမ်းကျသွားပါတယ်။ အဲဒါနဲ့ မက္ကဆီကို ဘက်ကို ပြန်ကူးအလာမှာတော့ ရေလည်မှာ သားအဖနှစ်ယောက်လုံး ရေနစ်သွားတာကို ဇနီးဖြစ်သူ လှမ်းတွေ့လိုက်ရကြောင်း မက္ကစီကို အာဏာပိုင်များကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ပါတယ်။
 
 
အာဏာပိုင်တွေက ရေနစ်ခဲ့တဲ့ သူတို့သားအဖကို လိုက်ရှာခဲ့ရာ တနင်္လာနေ့က မြစ်ကမ်းစပ်မှာ ပုံပါအနေအထားအတိုင်း သားအဖနှစ်ယောက်လုံးကို ပြန်တွေ့ခဲ့ရပါတယ်။ 
Avalos က သူတို့တွေဟာ လူသားခြင်းညှာတာထောက်ထားတဲ့ မက္ကစီကို ပြည်ဝင်ခွင့်ဗီဇာ ၂ လ ရထားသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေကို ပြောဆိုပါတယ်။ ဒါပေမယ့် သူမအနေနဲ့ မက္ကစီကိုမှာ ဆက်လက် နေထိုင်ချင်စိတ်မရှိပဲ အိမ်ပြန်တော့မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
အမေရိကန်အိမ်မက် မက်ဖို့ ထွက်လာခဲ့တဲ့ မိသားစုဟာ နောက်ဆုံးမှာတော့ ခင်ပွန်းနဲ့ သမီးဖြစ်သူကို စွန့်လွှတ်ခဲ့ရပြီး အိမ်ပြန်ခဲ့ရတဲ့ အဖြစ်က ကြေကွဲစရာ အဖြစ်ဆိုးဖြစ်ပါတယ်။


Follow us on