အမေရိကန်တို့အနေနဲ့ အီရန်နိုင်ငံနဲ့ စစ်မဖြစ်ဖို့ မျှော်လင့်ပါကြောင်း အကယ်၍ စစ်ဖြစ်ခဲ့ရင်လည်း အမေရိကန်ရဲ့ စစ်အင်အားနဲ့ စစ်ပွဲကို လွှမ်းမိုးနိုင်ထားမှာဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
Fox Business သတင်းဌါနနဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီစဉ်မှာ သမ္မတဒေါ်နယ်ထရမ့် ကို အမေရိကန်က အီရန်နဲ့ စစ်ဖြစ်မှာလားလို့ မေးလိုက်တဲ့ မေးခွန်းကို အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ကောင်းပါပြီ၊ ကျွန်တော့်အနေနဲ့ စစ်မဖြစ်ဘူးလို့တော့ မျှော်လင့်ထားပါတယ်၊ သို့သော် ကျွန်တော်တို့ဘက်က အရမ်းကို တက်ကြွပြင်းထန်နေတဲ့ အနေအထားတစ်ခုကို ရောက်နေတဲ့အတွက် ဒီအခြေနေကို အကြာကြီးတော့ တောင့်ခံထားနိုင်မှာ မဟုတ်ပါဘူး၊ တစ်ခုခု ဖြစ်ရင်လဲ ဖြစ်သွားနိုင်ပါတယ်။ ဒီတစ်ခုတော့ ကျွန်တော် ပြောနိုင်တယ်၊ ဒါသက်သက် လေကြွားနေတာ မဟုတ်ဘူးနော်” ဟု နှစ်နိုင်ငံ တင်းမားနေကြတဲ့ အနေအထားအပေါ်မှာ ပြန်လည် ဖြေကြားခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်တို့ရဲ့ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စီးကို အီရန်က ဒုံးကျည်နဲ့ပစ်ချခဲ့တာကြောင့် နှစ်နိုင်ငံ ပြသနာဖြစ်နေကြပါတယ်။ အမေရိကန်သမ္မတထရမ့် က သူ့ရဲ့ စားပွဲပေါ်မှာ ရွေးချယ်စရာတွေအားလုံးကို အမေရိကန်စစ်တပ်နဲ့ ပြောဆိုဆွေးနွေးထားပြီး ဖြစ်တယ်လို့ ခပ်တင်းတင်းနဲ့ ပြောဆိုခဲ့ပါတယ်။ ဒါမှမဟုတ် အီရန်အနေနဲ့ နျူကလီယားနဲ့ပက်သက်ပြီး ညှိနှိုင်းစေ့စပ်မှုတွေကို ပြန်လည်ကမ်းလှမ်းလာမလားဆိုတာ အခြေအနေကြည့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ထရမ့် က ဒီဆွေးနွေးပွဲကနေ ထွက်ထားပါတယ်။
ဒီအခြေအနေဟာလည်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ တည်ငြိမ်မှုလျော့ရဲကျဆင်းလာပြီး ဆတ်ဆတ်ထိမခံတဲ့ အနေအထား ရောက်ရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
အီရန် ကာကွယ်ရေးဝန်ကြီးဌါနရဲ့ တရားဝင် ဝဘ်ဆိုက်မှာတော့ လေယာဉ်ပစ်အမြောက်တွေ ပြင်ဆင်ထားတဲ့ ဓါတ်ပုံကို ဇွန်လ ၉ ရက်နေ့မှာ တင်ထားခဲ့ပါတယ်။ Khordad 15 လေယာဉ်ပစ် အမြောက်သစ်တွေဖြစ်ပြီး ဘယ်ဒေသမှာ နေရာချထားသလဲဆိုတာတော့ မသိရပါဘူး။ ဒီအမြောက်တွေနဲ့ ဒေသထုတ် ဒုံးကျည်သုံးပြီး အမေရိကန် ဒရုန်းလေယာဉ် HAWK ကို ပစ်ချခဲ့တာဖြစ်ပါတယ်။
အလားတူ ဒုံးကျည်အမျိုးအစားတွေကို ဘခင်က အမေရိကန်တို့က ရှားဘုရင်ကို ရောင်းချခဲ့ဖူးပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာတော့ ဒီဒုံးကျည်တွေ အစ္စလာမ်မစ်ပြည်ထောင်စုတွေကို ပျံ့နှံ့ရောက်ရှိသွားခဲ့ပါတယ်။