လူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေပေါ်မှာ စိန်ခေါ်မှု(challenge) တွေကို တစ်နေ့တစ်မျိုး မရိုးရအောင် တီထွင်ပြီး လူတွေရဲ့ စိတ်ဝင်စားမှုတွေကို ရယူဖို့ကြိုးစားသူတွေ ရှိနေပါတယ်။ အဲဒီချဲလန့်ခ်ျတွေထဲက တစ်ခုဖြစ်တဲ့ ice-cream challenge ဟာ စိတ်ပျက်ရွံရှာဖွယ်ကောင်းပြီး ရာဇဝတ်မှုလည်း မြောက်တာကြောင့် ice-cream challenge ပြုလုပ်သူတွေကိ ရဲတွေကလိုက်လံ ဖမ်းဆီးနေပါတယ်။
လက်တလောမှာတော့ အမေရိကန်နိုင်ငံက အသက် ၃၆ နှစ်အရွယ် အမျိုးသားကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ သူဟာ စူပါမားကတ်တစ်ခုမှာ ရေခဲမုန့်ဗူး အသစ်ကိုယူပြီး လျှာတဲ့လျက် လက်ညိုးနဲ့ထိုးကာ မြည်းစမ်းကြည့်ခဲ့ပြီးနောက် ဟန်မပျက် ပြန်လည်ထားရှိခဲ့ပါတယ်။ ဒီရုပ်သံကို သူ့ရဲ့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ ရဲတွေက အဆိုပါဗီဒီယိုကနေတစ်ဆင့် ခြေရာခံပြီး Lenise Martin III ဆိုသူကို ဖမ်းဆီးခဲ့ပါတယ်။
Martin ဟာ ဇွန်လ ၂ ရက်နေ့က အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ အမျိုးသမီးတစ်ဦး စူပါမားကတ်မှာ ရေခဲမုန့်ဗူးကိုဖွင့်ကာ လျှာနဲ့လျက်ပြီး နေရာမပျက် ပြန်ထားခဲ့တဲ့ ရုပ်သံကိုကြည့်ပြီးနောက် အတုယူကာ လိုက်လုပ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူဟာ လျှာနဲ့လျက်ခဲ့တဲ့ ရေခဲမုန့်ဗူးကို ဆိုင်မှာ ငွေပေးချေပြီး အိမ်ကို ပြန်လည်ဝယ်ယူခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အပြုမူနဲ့ မလုပ်သင့်မလုပ်အပ်တဲ့ လုပ်ရပ်ကို အွန်လိုင်းပေါ်မှာ တည်းဖြတ်ပြီး မျှဝေခဲ့တဲ့အတွက် ဆက်လက် တရားစွဲခံထားရပါတယ်။
ရဲတွေကတော့ အခုလိုမျိုး ice-cream challenge တွေကို မလုပ်ကြဖို့နဲ့ ဒါဟာရာဇဝတ်မှုမြောက်တဲ့အပြင် အခြားသူတွေရဲ့ ကျန်းမာရေးကိုပါ ခြိမ်းခြောက်နိုင်ကြောင်း၊ ပြုလုပ်သူ မည်သူကိုမဆို ဖမ်းဆီးအရေးယူသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒီစိန်ခေါ်မှုကို စတင်ခဲ့တဲ့ အမျိုးသမီးဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးဖြစ်ပြီး သူမနဲ့အတူ ရုပ်သံရိုက်ကူးပေးတဲ့ ရည်းစားတို့ကို စစ်ဆေးနေကြောင်း Lufkin ရဲဌါနက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမှုကို တက္ကဆက်ပြည်နယ် တရားရေးဌါနကို လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။
အချို့သော လူမှုကွန်ယက် သုံးသူတွေကလည်း ဒီစိန်ခေါ်မှု့ကို ပုံတူကူးကာ လိုက်လုပ်ခဲ့ကြပေမယ့် သူတို့လျှက်ထားတဲ့ ရေခဲမုန့်ဗူးတွေကို ကိုယ်တိုင်ပင် ပြန်ဝယ်သွားကြောင်း ရုပ်သံထဲမှာ ထည့်သွင်းပြခဲ့တာတွေလည်း ရှိပါတယ်။