1. Home
  2. Myanmar’s Got Talent

ခြေတစ်လှမ်းမှားခဲ့မိလို့ ရှေ့သွားတွေ ပေးဆပ်ခဲ့ရတဲ့ ‘ဖန်းရီ’ နဂါးအဖွဲ့

Myanmar’s Got Talent ก.ค. 15, 2562 view 2,062
အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ပေးဆပ်မှုဆိုတာ အမြဲတမ်းရှိနေပါတယ်။ Myanmar’s Got Talent အစီစဉ်ကို ဒုတိယအကြိမ်မြောက် လက်မလျှော့ပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ‘ဖန်းရီ’ တရုတ်နဂါးအက လူငယ်အဖွဲ့ဟာ ခြေတစ်လှမ်းမှားခဲ့မိတဲ့အတွက် နဂါးအကအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူဟာ သူ့ရဲ့ ရှေ့သွားတွေ ကျိုးပဲ့ထွက်ပြီး ပါးစပ်ထဲမှာ ပြန်စိုက်ဝင်ကုန်တဲ့ထိ မတော်တဆ အဖြစ်ဆိုးမျိုး ကြုံခဲ့ရသူပါ။
 
 
ဒီဒဏ်ရာတွေကို နှစ်နဲ့ချီပြီး ယနေ့ထက်ထိ ကုသနေရဆဲဖြစ်ပေမယ့် အခန့်မသင့်ရင် အသက်အန္တရာယ်ရှိတဲ့ တရုတ်နဂါးအကလောကကို စွန့်ခွာမသွားပါဘူး။ မတော်တဆမှုဖြစ်ခဲ့ပြီး ၃ ရက်အကြာမှာ ဆရာဝန်က မကစားပဲ နားနေဖို့ ညွှန်ကြားထားတဲ့ကြားထဲကနေ ပြိုင်ပွဲဝင်ခဲ့ပြီး ပထမဆု ရအောင် ယူနိုင်ခဲ့တဲ့ထိ စိတ်ဓာတ် ကြံ့ခိုင်သူလည်းဖြစ်ပါတယ်။
 
 
ပြီးခဲ့တဲ့တစ်ပတ်ယှဉ်ပြိုင်မှုမှာလည်း ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေ အားလုံးကိုပါ အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်စေတဲ့ ပြကွက်တွေနဲ့ ကပြယှဉ်ပြိုင်ခဲ့ပါတယ်။ ရိုက်ကူးရေး စတူဒီယိုခန်းမကြီး တစ်ခုလုံးမှာ ဒိုင်လူကြီးဖြစ်တဲ့ ‘မခိုင်လေး’(ခိုင်သင်းကြည်) ရဲ့ ထိန့်လန့် အော်ဟစ်သံတွေက အဆူညံဆုံးဖြစ်ခဲ့ပါတယ်။
 
 
အစီစဉ်မှာ တင်ဆက်သူတွေဖြစ်တဲ့ တေဇာကျော် နဲ့ စိုးနိုင်ထွန်းတို့ နှစ်ဦးစလုံးက သူတို့ရရှိထားတဲ့ Golden Buzzer ကို ဒိုင်လူကြီးတွေ ကွန်မန့်မပေးသေးခင်မှာပဲ “Feng Yi” နဂါးက အဖွဲ့အတွက် ပြိုင်တူနှိပ်ပြီး  ထူးထူးခြားခြား ချီးမြှင့်ခဲ့ပါတယ်။
 
 
“Feng Yi” အဖွဲ့ဟာ Golden Buzzer ရရှိခဲ့တဲ့အတွက် နောက်ထပ် အဆင့်တွေကို ယှဉ်ပြိုင်ဖို့ မလိုတော့ပဲ Live Show အဆင့်ကို တိုက်ရိုက်တက်သွားပြီဖြစ်ပါတယ်။
ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပြည့်နေတဲ့ Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ရှုနိုင်ကြပါပြီ။
 


Follow us on