1. Home
  2. Myanmar’s Got Talent

“ဇော်ဝင်းထွဋ်”ထက် နှာတစ်ဖျားသာပြလိုက်တဲ့ “ဝင်းဆန်းအောင်”

Myanmar’s Got Talent ก.ย. 09, 2562 view 48,892
Rock ဘိုးအေကြီး ဦးညီထွဋ် က စင်ပေါ်မှာ သီချင်းဆိုရင် မတ်တပ်ရပ်ပြီး ဟိုဘက် သည်ဘက်ပြေးကာ ပရိသတ်တွေကို ခံစားချက်အပြည့်နဲ့ ဖျော်ဖြေတတ်တာ လူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်။
Myanmar’s Got Talent ပြိုင်ပွဲဝင်တွေထဲမှာ ဦးညီထွဋ် ကို အရမ်းကြွေနေတဲ့ ပရိသတ်တစ်ယောက်ရှိပါတယ်။
 
 
သူကတော့ မသန်စွမ်းအားကစားသမား “ကိုဝင်းဆန်းအောင်” ပါ။ 
ဒါပေမယ့် မသန်သော်လည်း စွမ်းပါတယ်ဆိုတာကို ဇော်ဝင်းထွဋ် ထက် နှာတစ်ဖျားသာအောင် မနေ့ညက ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ချပြသွားခဲ့ပါတယ်။
 
ထူးချွန်လှပါတယ်ဆိုတဲ့ သာမန်လူတွေတောင်မှ နယ်ပယ်တစ်ခု၊ နှစ်ခုထက်တော့ ပိုပြီးတော့ မတော်ကြပါဘူး။ ဒါပေမယ့် “ကိုဝင်းဆန်းအောင်” ကတော့ အားကစားမှာဆိုရင် နယ်ပယ် တစ်ခုထက်မက ထူးချွန်သလို အနုပညာပိုင်းမှာလည်း လက်ထပ်ပြီး သင်ကြားပေးခဲ့တဲ့ ဆရာရယ်လို့ မယ်မယ်ရရမရှိပါပဲနဲ့ ကီးဘုတ်တီးခတ်မှုနဲ့ သီချင်းသီဆိုမှုအပိုင်းမှာ ပရော်ဖက်ရှင်နယ် တစ်ယောက်နီးပါး ဆရာကျလှပါတယ်။
 
ငယ်စဉ်ကတည်းက ခန္ဓာကိုယ်အောက်ပိုင်းတွေ မလှုပ်မရှားနိုင်၊ မဖွံ့ဖြိုးနိုင်ခဲ့ပေမယ့် ဘီးတပ်ကုလားထိုင် ဝှီးလ်ချဲပေါ်ကနေ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုပေါင်းများစွာ ဆွတ်ခူးပေးထားနိုင်တဲ့ အားကစားသမားလည်းဖြစ်ပါတယ်။
 
 
MGT ဆီမီးဖိုင်နယ် နောက်ဆုံးညမှာတော့ ပရိသတ်အားလုံးရဲ့ အချစ်တော်၊ မြန်မာပြည် ရော့ခ်ဂီတနယ်ပယ်ရဲ့ ဥသျှောင် “ဇော်ဝင်းထွဋ် ” ရဲ့ “အချစ်တဲ့လား” သီချင်းကို ကိုယ်တိုင် ကီးဘုတ်တီးပြီး ဝှီးချဲလ်ကို ပုံစံမျိုးစုံနဲ့ စင်မြင့်ထက်မှာ လျှောက်စီးပြကာ တစ်ကယ့်အဆိုတော်ကြီးအလား သီဆိုပြသွားနိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီးတွေနဲ့ မြန်မာတစ်ပြည်လုံးက ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းကြုံးရယူသွားနိုင်ခဲ့ပါတယ်။
 
မခိုင်လေး(ခိုင်သင်းကြည်)က သူ့ကို “ဇော်ဝင်းဆန်းအောင်” ရယ်လို့တောင် ကင်ပွန်းတပ်ပေးရတဲ့ထိ “အချစ်တဲ့လား” သီချင်းကို ပီပီပြင်ပြင် ဆိုပြနိုင်သွားခဲ့ပါတယ်။
 
 
ပြိုင်ပွဲဝင် “ဝင်းဆန်းအောင်” က Myanmar’s Got Talent 2019 ရဲ့ Grand Final ကို ပရိသတ်မဲပေးမှုအများဆုံးနဲ့ တက်ရောက်သွားနိုင်ခဲ့ပါပြီ။
အခုဆိုရင် Grand Final ယှဉ်ပြိုင်ဖို့ နောက်ဆုံး လက်ကျန်(၈)ဦး သာ ကျန်ရှိပါတော့တယ်။ Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။


Follow us on