1. Home
  2. International News

ပထမဆုံး လပေါ်သို့ စူးစမ်းရေးဒုံးပျံ အိန္ဒိယနိုင်ငံမှ ယနေ့လွှတ်တင်မည်

International News ก.ค. 22, 2562 view 1,625
လပေါ်သို့ ဆင်းသက်ကာ စူစမ်းလေ့လာမှုများ ပြုလုပ်နိုင်မည့် အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးကိုယ်ပိုင် ဒုံးပျံကို ဇူလိုင်လ ၂၂ ရက် တနင်္လာနေ့(ယနေ့) မွန်းလွဲ ၂ နာရီ ၄၃ မိနစ် (မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်) တွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အာကာသသုတေသနအဖွဲ့ကြီး (ISRO) မှ ထုတ်ပြန်ကြေညာလိုက်သည်။
 
 
‘ချန်ဒရာရန်း ၂’ လို့ အမည်ပေးထားတဲ့ လဆင်းယာဉ်ကို လပေါ်သို့ လွှတ်တင်ရန် ကြိုးပမ်းမှုဟာ ယခုတစ်ခါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တင်ဖို့ ကြိုးစားခဲ့ရာမှာ လောင်စာဆီကန် ယိုစိမ့်မှုကြောင့် လွှတ်တင်မယ့်အစီစဉ်ကို ပယ်ဖျက်ခဲ့ရပါတယ်။
 
ယနေ့လွှတ်တင်မှု အောင်မြင်သွားခဲ့ရင်တော့ လပေါ်ကို ဆင်းသက်နိုင်သည့်ယာဉ် စေလွှတ်မှုမှာ ရုရှား၊ အမေရိကန် နဲ့ တရုပ်နိုင်ငံတို့ပြီးရင် အိန္ဒိယနိုင်ငံက စတုတ္ထမြောက် နိုင်ငံဖြစ်လာဖို့ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က အာကသယာဉ်မှူး ‘Neil Armstrong’ လပေါ်ကို ပထမဦးဆုံး ခြေချနိုင်ခဲ့ပြီးနောက် လပေါ်သွားခရီးစဉ်တွေ ရပ်ဆိုင်းနေခဲ့တာကြောင့် အခုခရီးစဉ် အကောင်အထည်ဖော်နိုင်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ အာကသစူစမ်းမှုစိတ်အားထက်သန်သူများက ပြီးခဲ့တဲ့ စနေနေ့က ကြိုဆိုဂုဏ်ပြုလိုက်ကြပါတယ်။
 
 
“ချန်ဒရာ ၂ ဟာ သန်းပေါင်းများစွာသော အိမ်မက်တွေကို လပေါ်ယူဆောင်သွားမှာပါ၊ အခုဆိုရင် အရင်ကထက် ပိုပြီးကြံ့ခိုင်နေပါပြီ” လို့ ISRO အဖွဲ့က ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။
 
‘ချန်ဒရာ ၂’ ကို အာကာသထဲသို့ ဂြိုလ်တုများပို့ဆောင်ပေးတဲ့ အင်အားပြင်းဒုံးပျံ MKIII မှာ ချိပ်ဆက်ပြီး လပေါ်သို့ ပို့ဆောင်သွားမှာဖြစ်ပါတယ်။
‘ချန်ဒရာ ၂’ တည်ဆောက်ရေးဟာ အခြားနိုင်ငံက လဆင်းယာဉ်များထက် ကုန်ကျစရိတ်နည်းပါပြီး အမေရိကန်ဒေါ်လာ သန်း ၁၄၀ သာကုန်ကျခဲ့ပါတယ်။ ယခုကြိုးပမ်းမှုဟာ အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ကို မြင့်တက်စေပါတယ်။
 
လာမယ့် ၂၀၂၂ ခုနှစ်မှာတော့ လပေါ်သို့ လူပါစီးနင်းလိုက်ပါနိုင်အောင် အားထုတ်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် ‘နာရန်ဒရာမိုဒီ’ က တိုက်တွန်းထားပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အနာဂါတ်မှာ လပေါ်ကို လူတွေအလည်အပတ်သွားရောက်နိုင်မယ့် စီးပွားရေးခရီးစဉ်များကိုပါ ဖော်ဆောင်နိုင်ဖို့ထိ ရည်ရွယ်ထားပါတယ်။
 
 
‘ချန်ဒရာ ၂’ ကို အိန္ဒိယနိုင်ငံ တောင်ဘက်စွန်း ကမ်းရိုးတန်ရှိ အန်ဒရာပရာဒက်ရှ်ပြည်နယ် ‘ဆာတစ်ရှ်ဒါဝမ်’ အာကာသစခန်းမှ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တင်သွားမည်ဖြစ်သည်။
 


Follow us on