1. Home
  2. International News

မိဘများနဲ့စကားများပြီး အသက် ၁၉ နှစ် ကျောင်းသူ လေယာဉ်ပေါ်မှ ခုန်ချကာအဆုံးစီရင်

International News ส.ค. 01, 2562 view 1,820
ကမ်းဘရစ်ခ်ျ တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ဇီဝဗေဒသိပ္ပံအထူးပြု ကျောင်းသူတစ်ဦးဟာ သူမရဲ့ သုတေသနခရီးကနေ လေယာဉ်စီးကာ အိမ်ကိုပြန်နေစဉ် ရုတ်တရက် လေယာဉ်တံခါးတွန်းဖွင့်ကာ ခုန်ချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
 
Alana Cutland အသက် ၁၉ နှစ်ဟာ တက္ကသိုလ်မှာ သင်ယူနေတဲ့ ဘာသာရပ်အတွက် လက်တွေ့သုတေသနပြုလုပ်ရန် အာဖရိကအရှေ့ပိုင်း ‘မာဒါဂါစကာ’ ကျွန်းပေါ်ရှိ Anjajavy သစ်တောထဲက ရှားပါး ကဏန်းမျိုးစိတ်များကို သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။
 
 
Alana ဟာ ၈ ရက်မြောက်နေ့မှာ သုတေသန လုပ်ငန်းတွေကို ရပ်ပြီး ခရီးသည်တင် လေယာဉ်အသေးစားလေးနဲ့ အိမ်ကို ပြန်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ သူမရယ်၊ Ms Johnson ဆိုသူအမျိုးသမီးနဲ့ လေယာဉ်မှူး ၃ ဦးသာ လိုက်ပါလာပါတယ်။ 
Anjajavy ကနေ လေယာဉ်ပျံသန်းထွက်ခွာပြီး ၁၀ မိနစ်လောက်အကြာမှာ Alana က သူမရဲ့ ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ လေယာဉ်တံခါးဖွင့်ပြီး ခုန်ချဖို့ကြိုးစားပါတယ်၊ ဒါကို Ms Johnson က အတင်းဖမ်းဆွဲထားပါတယ်၊ လေယာဉ်မောင်းသူကလည်း သူတတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ 
လေယာဉ်ပေါ်မှာ ၅ မိနစ်ခန့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Alana ကို ခုန်ချမသွားအောင် ဝိုင်းဆွဲပြီး ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာ အတင်းရုန်းထွက်ပြီး ခုန်ချသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ လေယာဉ်က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ လောက်မှာ ပျံသန်းနေတာဖြစ်ပါတယ်။
 
 
Alana ခုန်ချခဲ့တဲ့နေရာဟာ သဘာဝသားရဲတိရိစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ တောကြီးတစ်ခုပေါ်မှာဖြစ်လို့ သူမရဲ့အလောင်းကို ပြန်လည်ရှာဖွေ တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး။
 
Alana ဟာ တစ်ပါးသူက သူ့ကိုရန်မူတော့မယ်ဆိုတဲ့ ယုံမှားသံသယစိတ် (paranoia) လို့ခေါ်တဲ့ စိတ်ဖောက်ပြန်တတ်တဲ့ရောဂါ မကြာမကြာ ခံစားနေရသူလည်းဖြစ်ပါတယ်။ သူမရဲ့ လေ့လာရေး ခရီးစဉ်အတွင်းမှာ သုတေသနလုပ်ငန်းတွေ မအောင်မြင်တာကြောင့် စိတ်ဓာတ်ကျပြီး အခုလို စိတ်ဖောက်ပြန်မှုမျိုး ၅ ကြိမ်လောက် ခံစားခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။
 
ဒေသခံသတင်းတွေရဲ့ ဖော်ပြချက်မှာတော့ Alana ဟာ လေယာဉ်ပေါ်ကနေ ခုန်ချအဆုံးစီရင်မှု မတိုင်ခင် ရက်တွေက သူ့မိဘတွေနဲ့ ဖုန်းပြောဆိုခဲ့ရာမှာ သဘောထားမတိုက်ဆိုင် တင်းမာမှုအချို့တွေ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေ ရှိခဲ့ပြီး ဒီအကြောင်းတွေက သူမကို အဆုံးစီရင်ဖို့အတွက် တွန်းအားပေးသလိုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
မူလအစီစဉ်အရ သုတေသန ခရီးစဉ်ဟာ ၆ ပတ်လောက်ကြာမြင့်မှာဖြစ်ပေမယ့် သူမရဲ့မိဘတွေနဲ့ ဖုန်းပြောပြီးနောက်မှာတော့ သုတေသနအလုပ်တွေကို ဖျက်ပြီး ၈ ရက်နဲ့ အိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာတင် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။ 
 
 
ရဲတွေက လေယာဉ်မှူးနဲ့ Ms Johnson တို့အပြင် Alana တည်းခိုခဲ့တဲ့ဟိုတယ် မန်နေဂျာတို့ကိုပါ သရုပ်ပြစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး Alana ရဲ့ ခရီးဆောင်အိတ်ကိုပါ စစ်ဆေးခဲ့ကြပါတယ်။ ခရီးဆောင်အိတ်ထဲက စာရွက်စာတမ်းတွေအရ သူမရဲ့ သုတေသနလုပ်ငန်း မအောင်မြင်ကြောင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို့ အကြောင်းတွေကို မေးမြန်းထားတဲ့ အထောက်အထားတွေ့ရှိခဲ့ရပါတယ်။
 
Alana ရဲ့ သုတေသနအလုပ်တွေ ရပ်ပြီး Ms Johnson ရဲ့ခရီးစဉ်နဲ့အတူ လိုက်ပါအိမ်ပြန်ခဲ့ဖို့ သူမရဲ့မိဘတွေနဲ့ သဘောတူညီပြီး ပြန်လာခဲ့တာပါ။ ယခု သုတေသန ပြုလုပ်တာတွေဟာ တက္ကသိုလ်ရဲ့ စေခိုင်းထားတဲ့ ပရော့ဂျက်မဟုတ်ပဲ ကိုယ်တိုင်လေ့လာတဲ့ ခရီစဉ်တစ်ခုသာ ဖြစ်ကြောင်း ကမ်းဘရစ်ခ်ျ က ပြောကြားခဲ့ပါတယ်။
Alana အဆုံးစီရင်ခဲ့မှုအတွက် မိဘတွေအနေနဲ့ ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးကို မမျှော်လင့်ပဲ ကြုံလိုက်ရတာဖြစ်ပါတယ်။
 
 
Alana ဟာ ဉာဏ်ရည်ထက်မြက်သူ၊ အပေါင်းအသင်းနဲ့ မိဘတွေကို ချစ်ခင်သူဖြစ်ပြီး တက္ကသိုလ်ကျောင်း အကအဖွဲမှာလည်း ဒုဥက္ကဋ္ဌဖြစ်ပြီး ကိုယ်တိုင်လည်း အက တော်တဲ့ ကျောင်းသူလေးဖြစ်ကြောင်း သိရှိရသည်။


Follow us on