1. Home
  2. International News

မလေးရှားတွင် ရောဂါထိန်းချုပ်မှုကို ချိုးဖောက်ပါက ထောင်ဒဏ်အပြစ်ပေးမည်

International News มี.ค. 17, 2563 view 1,788

မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုများ လျှင်မြန်စွာ တိုးတက်များပြားလာနေမှုကြောင့် အစိုးရက ရောဂါမပြန့်ပွားစေရေးအတွက် အစွမ်းကုန်ထိန်းချုပ်နိုင်ရန် မလိုက်နာသူများအား ရောဂါကာကွယ်ထိန်းချုပ်ရေး အက်ဥပဒေ ၁၅(၁) အရ ငွေဒဏ် ထောင်ဒဏ်များ ချမှတ်ကာ အရေးယူသွားတော့မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံထားသည်ဟု သံသယရှိပြီး သီးသန့်ရောဂါထိန်းချုပ်ခံထားရသူများအနေနဲ့ အခြားသူများနဲ့ ရောနှောတွေ့ဆုံမှုများကို ရှောင်ကျဉ်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအထိ တစ်ကိုယ်တည်း သီးသန့်နေထိုင်ရမည်ဖြစ်သည်။

မလေးရှားသတင်းဌါန Sinar Harian တွင် ဖော်ပြထားသော သတင်းအရ ရောဂါထိန်းချုပ်မှုကို ချိုးဖောက်သူများ (အထူးသဖြင့်) နေအိမ်တွင်ပင် ရောဂါထိန်းချုပ်ရန် သတ်မှတ်ခံထားရသူများအနေနဲ့ သတ်မှတ်ချက် စည်းကမ်းများကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ် ၂ နှစ်နဲ့အထက် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အပြစ်ပေးခံရမည်ဖြစ်သည်။

ဖော်ပြပါ ပြစ်ဒဏ်မှာ ပထမဦးဆုံးအကြိမ် ကျူးလွန်သူအတွက်ဖြစ်ပြီး အကြိမ်ကြိမ် ကျူးလွန်ပါက ထောင်ဒဏ် ၅ နှစ်နှင့်အထက် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အပြစ်ပေးခံရမည်ဖြစ်သည်။

ပြစ်မှုကျူးလွန်သူအနေနဲ့ ရောဂါထိန်းချုပ်ခံထားရသည့် ရက်များအတွင်း လိုက်နာခြင်းမရှိသည့် ရက်များကို တွက်ချက်ကာ တစ်ရက်လျှင် မလေးရှားရင်းဂစ် ၂၀၀ (ကျပ် ၆၅,၅၈၁) နဲ့ တွက်ချက်ပြီး ဒဏ်ငွေပေးဆောင်သွားရမည်ဖြစ်ကြောင်း ရှေ့နေဖြစ်သူ Syazlin Mansor က သတင်းဌါနက ဆက်သွဘ်မေးမြန်ရာမှာ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ထားခဲ့ပြီး မတ်လ ၁၆ ရက်နေ့ထိ နောက်ဆုံး သတင်းအရ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၄၂၈ ထိရှိလာပြီဖြစ်ကြောင်း သိရသည်။



Follow us on