1. Home
  2. International News

သမ္မတဒူတာတေးကို အွန်လိုင်းပေါ်မှ အသက်ရန်ရှာခြိမ်းခြောက်သူ ၅ ဦးကိုဖမ်းဆီး

International News พ.ค. 22, 2563 view 1,661

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကွာရန်တီးကာလအတွင်း သမ္မတဒူတာတေးက ပြည်သူတွေကို စည်းကမ်းလိုက်နာမှုရှိစေရန် တင်းကျပ်မှုတွေပြုလုပ်ပြီး ရဲတွေကိုအာဏာကုန်အပ်နှင်းခဲ့တဲ့အပေါ် မကျေနပ်သဖြင့် လူမှုကွန်ယက်ပေါ်ကနေ အသက်ကိုခြိမ်းခြောက်ခဲ့သူ အနည်းဆုံး လူ ၅ ဦးကို ရဲ့အဖွဲ့က ဖမ်းဝရမ်းမပါပဲ ဆက်တိုက် ဖမ်းဆီးခဲ့သည်။

မေလ ၁၁ ရက်နေ့က နိုင်ငံတော်စုံစမ်းစစ်ဆေးရေးဗျူရိုက အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာ ‘ရော်နယ်လ်မတ်စ်’ ဆိုသူအား တွစ်တာပေါ်ကနေပြီး သမ္မတကို လုပ်ကြံနိုင်သူ မည်သူကိုမဆို ပီဆို သန်း ၅၀ (ကျပ်ငွေ သိန်းတစ်သောင်းနီးပါး) ပေးမည်ဟု တင်ထားခဲ့သည့်အတွက် ဖမ်းဆီးခဲ့ကြသည်။

မေလ ၁၂ ရက်နေ့မှာတော့ တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် စီဘူးမှာ အသက် ၂၆ နှစ်အရွယ် ‘မာရီယာစီရွန်’ ဆိုသူက သမ္မတဒူတာတေးကို လုပ်ကြံဖို့ ပီဆို ၇၅ သန်း ပေးမည်ဆိုသည့် ပို့စ်တင်ခဲ့တဲ့အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။ မေလ ၁၉ ရက်နေ့မှာ အမည်ဖော်ပြထားခြင်းမရှိသော လူငယ်တစ်ဦးက ဖေ့စ်ဘွခ်ပေါ်ကနေ “ဒူတာတေးကို သတ်နိုင်သူအား ပီဆို သန်း ၂၀၀ ပေးမည်။ သူ့ခေါင်းကို ငါ့ရွာ ဘာရန်ဂေး ကို ယူလာပြပါ” ဟု တင်ထားသဖြင့် ဆက်လက်ဖမ်းဆီးခဲ့ကြပြန်သည်။

ဥပဒေရေးရာ လေ့လာသုံးသပ်သူတွေကတော့ အခုလိုဖမ်းဆီးတာတွေဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။ ၁၉၈၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့ရာမှာ ပါဝင်ကူညီခဲ့သူ ရှေ့နေကြီး ‘ခရစ္စတီယန် မွန်ဆော့’ က ဖီလစ်ပိုင်သတင်းမီဒီယာ Philippine Daily Inquirer ကို ဖြေကြားရာတွင် “ဖမ်းဆီးမှုတွေက ဖွဲ့စည်းပုံနဲ့ မကိုက်ညီပါဘူး၊ ဖမ်းဝရမ်းမပါရင် ဖမ်းဆီးလို့မရပါဘူး၊ ဘာမှအငြင်းပွားစရာမလိုပါဘူး ဝရမ်းမပါပဲ ဖမ်းလို့မရပါဘူး။ အသရေဖျက်တယ် ဟုတ်၊ မဟုတ်ဆိုတာ တရားရုံးက ဆုံးဖြတ်ရမယ့်ကိစ္စပါ ရဲအလုပ်မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ လုံခြုံရေးအထူးအဖွဲ့ရဲ့ ပြောကြားချက်မှာတော့ “လူတစ်ယောက်ကို နာကျင်စေအာင် သို့မဟုတ် သေစေအောင် ခြိမ်းခြောက်သူ မည်သူကိုမဆို တရားဥပဒေအရ ထိမ်းသိမ်းဖို့ တာဝန်ရှိပြီး နိုင်ငံတော်သမ္မတရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ကိစ္စကတော့ ဆိုဖွယ်ရာမရှိ” ဟု ဒေသတွင်းသတင်းစာ Abante TNT ကို ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက ဒီအကြောင်းအရာကို အွန်လိုင်းပေါ်တင်ခဲ့တဲ့ လူတွေကိုထပ်မံရှာဖွေနေပြီး အဲဒီအထဲမှာ အကြမ်းဖက်အဖွဲ့အစည်း Abu Sayyaf အဖွဲ့ကို ဆက်သွယ်ပြီး ဒူတာတေးကို ပစ်သတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ တစ်ယောက်လည်း ပါဝင်ပါတယ်။

ယခုလိုအဖြစ်ပျက်နဲ့ ဖမ်းဆီးမှုတွေဟာ ဒူတာတေးက ကွာရန်တီးညွန်ကြားချက်တွေ မလိုက်နာရင် ပစ်သတ်ဟု ရဲအဖွဲ့ကို အမိန့်ပေးခဲ့ပြီး တစ်လအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ရဲတွေက ဒူတာတေးကို ဖေ့စ်ဘွခ်ပေါ်ကနေ ကြမ်းတမ်းစွာဝေဖန်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ‘ရေနယ်ဒို အော်ကူလို’ ဆိုသူကိုလည်း မေလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူက ဖေ့စ်ဘွခ်ပေါ်မှာ ဒူတာတေးကို ရိုင်းပျစွာ ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။



Follow us on