1. Home
  2. International News

ဂျာမဏီမှ EU အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်စယူ

International News ก.ค. 09, 2563 view 1,608

ဂျာမဏီနိုင်ငံဟာ EU ဥရောပသမဂ္ဂရဲ့ အလှည့်ကျသဘာပတိ အဖြစ် ဇူလိုင်လ (၁) ရက်ကနေ ဒီဇင်ဘာလကုန်အထိ တာဝန်ယူရမှာ ဖြစ်ပြီး ဒီ ၆ လအတွင်း ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ချပြဖို့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel ဟာ ဘရပ်ဆဲလ်က EU ဌာနချုပ်ကို ဗုဒ္ဓဟူးနေ့မှာ ရောက်သွားပါပြီ။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ခဲ့ချိန်ကစပြီး ဝန်ကြီးချုပ် Merkel ရဲ့ ပထမဆုံးဂျာမဏီပြည်ပ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟာ နှာခေါင်းစည်းတပ်ပြီး လူချင်းခပ်ခွါခွါအနေထားနဲ့ပဲ EU ပါလီမန်အမတ်တွေနဲ့ရော EU ပါလီမန်ဥက္ကဌ David Sassoli နဲ့ ပါတွေ့ဆုံခဲ့ပါတယ်။ EU ရဲ့ အလှည့်ကျသဘာပတိအဖြစ် ဂျာမဏီတာဝန်ထမ်းဆောင်ရာမှာ အခုဖြစ်ပွါးနေတဲ့ ကပ်ရောဂါက သူမရဲ့ ဦးစားပေးလုပ်ငန်းတွေကို သိသိသာသာ ပြောင်းလဲစေခဲ့တယ်လို့ ဝန်ကြီးချုပ် Merkel က သတင်းထောက်တွေကို ပြောပါတယ်။ ကပ်ရောဂါကြောင့် ကြုံလာရတဲ့ စိန်ခေါ်မှုတွေကို ဦးစားပေးရင်ဆိုင်ရင်းနဲ့ပဲ EU အနာဂါတ်အတွက် ဆောင်ရွက်ပြီး၊ ဒီကပ်ရောဂါနောက်ပိုင်း စီးပွါးရေး ပြန်နာလံထူလာအောင် လုပ်ဆောင်မှာဖြစ်သလို အကြီးအကျယ်ထိခိုက်မှုရှိခဲ့တဲ့ မဟာမိတ် နိုင်ငံတွေအတွက် စီးပွါးရေးပြန်လည် တည်ဆောက်နိုင်အောင် အကူအညီပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဝန်ကြီးချုပ် Merkel ဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း ဥရောပပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ ရှိတယ်လို့လည်းသိရပါတယ်။



Follow us on