1. Home
  2. International News

အစ္စရေးနိုင်ငံတွင် ဒုတိယအကြိမ်လော့ဒေါင်းပြန်ချ

International News ก.ย. 18, 2563 view 1,694

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ်တွေမြင့်တက်နေတာကြောင့် ဒုတိယအကြိမ်လော့ဒေါင်းပြန်ချမယ်လို့ အစိုးရကကြေညာလိုက်ပါတယ်။ အခုလ(၁၈)ရက်နေ့ကစလို့ လော့ဒေါင်းပြန်ချမှာဖြစ်ပြီး၊ အချိန်ကာလအနေနဲ့ သုံးပတ်ခန့်ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လော့ဒေါင်းပြန်ချမှာဖြစ်တဲ့အကြောင်း အစ္စရေးသမ္မတ Reuven Rivlin (ရူဗင် ရစ်ဗလင်)က နိုင်ငံကို ရုပ်သံကနေ အသိပေးပြောကြားခဲ့ပါတယ်။

အစ္စရေးပြည်သူတွေဘေးကင်းအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အသက်တွေကိုကယ်ဆယ်ဖို့၊ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကျဆင်းနေတဲ့ စီးပွားရေးကို ပြန်ဆွဲတင်ဖို့၊ အစိုးရတာဝန်ရှိသူတွေဟာ လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း၊ နောက်တစ်ကျော့လော့ဒေါင်းပြန်ချမှာကို ပြည်သူတွေ မနှစ်မြို့ဘူးဆိုတာလည်း နားလည်ပါကြောင်း၊အဲဒီအတွက် လူထုကိုလည်းတောင်းပန်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။ လော့ဒေါင်းကာလအတွင်း အစ္စရေးနိုင်ငံသားတွေကိုကိုယ့်အိမ်အနီးဝန်းကျင်မှာသာ နေရမှာဖြစ်ပါတယ်။

ကျောင်းတွေကိုတော့ အခုလ(၁၇)ရက်နေ့ကတည်းက ပြန်ပိတ်လိုက်ပြီဖြစ်ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကိုလည်း အကန့်အသတ်နဲ့ ပြေးဆွဲပေးမှာဖြစ်ပါတယ်။လူဆယ်ယောက်ထက်ပိုစုတာကို တားမြစ်မှာဖြစ်ပါတယ်။ လုပ်ငန်းတွေကိုတော့ ဝန်ထမ်းဦးရေ အကန့်အသတ်နဲ့ ဆက်လက်လုပ်ကိုင်ခွင့်ပေးထားမှာဖြစ်ပါတယ်။ ဘဏ်လုပ်ငန်း၊ စူပါမားကတ်၊ ဆေးအရောင်းစင်တာတွေနဲ့ ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် မရှိမဖြစ်လုပ်ငန်းတွေကိုလည်း ဆက်လက်လည်ပတ်ခွင့်ပေးထားမယ်လို့ဆိုပါတယ်။ အစ္စရေးနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လအတွင်းက ပထမအကြိမ်လော့ဒေါင်းချခဲ့ပြီး၊ ဗိုင်းရပ်စ်ကူးစက်မှုတွေပြန်မြင့်လာတာကြောင့် လော့ဒေါင်းပြန်ချဖို့ အခုလိုစီစဉ်လာတာဖြစ်ပါတယ်။

One Source : CNN



Follow us on