1. Home
  2. International News

၂၀၂၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဗလာဒီမာပူတင် အမည်တင်သွင်းခံရ

International News ก.ย. 25, 2563 view 1,606

ရုရှားသမ္မတ ဗလာဒီမာပူတင်အား ၂၀၂၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် စက်တင်ဘာလ ၉ ရက်တွင် အမည်တင်သွင်းခဲ့ပြီး အဆိုတင်သွင်းလွှာကို အော့စ်လို နိုဘယ်ကော်မတီက စက်တင်ဘာလ ၁၀ ရက်တွင် လက်ခံခဲ့ကြောင်း၊ ထို့နောက်တွင်မှ အမေရိကန်ဘက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်ကို ယင်းဆုကြီးအတွက် အပြိုင် အမည်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားစာရေးဆရာ ဆာဂျီကွမ်ကို့ဗ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်သတင်းက ဆိုသည်။

ရုရှားခေါင်းဆောင်ကို ယင်းဆုကြီးအတွက် အမည်တင်သွင်းခြင်းမှာကောင်းကြောင်း၊ သို့သော် ယင်းသို့ အမည်မတင်သွင်းလျှင်လည်း ပြဿနာ တစ်စုံတရာ မရှိကြောင်း ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒမစ် ထရီပက်စ်ကို့ဗ်က ဆိုသည်။ “လုံးဝကို မတူကွဲပြားတဲ့လူတွေ အဲဒီဆုကြီးအတွက် အမည်တင်သွင်းခံနေရပါတယ်။ လူတွေက သူတို့ သဘောကျတဲ့လူ ဆုရဖို့အတွက် ဒီလိုပဲ အမည်တင်သွင်းကြတာပါပဲ။

အမည်တင်သွင်းခံရတဲ့လူတွေကို ဘယ်လို သုံးသပ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့လည်း ကော်မတီမှာ တိကျတဲ့ လုပ်ငန်းစဉ် ရှိပြီးသားပါ။ ဒီတော့ တင်တယ်ဆိုလည်း ကောင်းတယ်။ မတင်ဘူးဆိုလည်း ဘာပြဿနာမှ မရှိပါဘူး။ တခြားဘာမှ ပြောစရာ မရှိပါဘူး ”ဟု ၎င်းက ဆိုသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုသည် အော့စ်လိုနိုဘယ်ကော်မတီက ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ထမ်း ဆောင်ခဲ့သည်ဟု ၎င်းတို့ ယူဆသည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို နှစ်စဉ် ချီးမြှင့်သည့်ဆုဖြစ်သည်။

ချယ်ရီ(PM)



Follow us on