1. Home
  2. International News

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့် အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိ

International News ต.ค. 06, 2563 view 1,524

COVID-19 ကူးစက်ခံရပြီး စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာ အောက်တိုဘာလ ၅ ရက်မှာ ရဟတ်ယာဉ်နဲ့အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ထရမ့်က ဆေးရုံကမထွက်ခွာမီမှာ “စည်းရုံးလှုံ့ဆော်ရေးတွေပြန်စမယ်” လို့ တွစ်တာမှာ ဆိုခဲ့ပါတယ်။

အဖြူရောင်နှာခေါင်းစည်းဝတ်ဆင်ထားတဲ့ဒေါ်နယ်လ်ထရမ့်ကို Walter Reed Medical Center ထဲက ထွက်လာချိန်မှာ သတင်းထောက်တွေက အိမ်ဖြူတော်ထဲမှာ လူဘယ်နှယောက်ကူးစက်ခံရပြီးပြီလဲလို့မေးမြန်းခဲ့ပေမယ့် ထရမ့်က ကျေးဇူးတင်ပါတယ်လို့သာ ဖြေကြားခဲ့ပါတယ်။ Marine One ရဟတ်ယာဉ်နဲ့ အိမ်ဖြူတော်ကိုပြန်လည်ရောက်ရှိလာတဲ့ထရမ့်က အိမ်ဖြူတော်ဆီလမ်းလျှောက်ရင်း သတင်းသမားတွေကို လက်မထောင်ပြခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ South Portico လှေကားထစ်တွေပေါ်ရောက်တဲ့အချိန်မှာ နှာခေါင်းစည်းကိုချွတ်ပစ်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ အသက် ၇၄ နှစ်အရွယ်ထရမ့်ဟာ ၇၂ နာရီအတွင်း အဖျားမရှိခဲ့ဘဲ သွေးတွင်းအောက်ဆီဂျင်ပမာဏလည်း ပုံမှန်ပဲလို့ ဆရာဝန်တွေက ဆိုပေမယ့် ဘယ်အချိန်တုန်းက ရောဂါပိုးစစ်ဆေးမှု Negative ထွက်သွားတာလဲ၊ အဆုတ်ရဲ့အခြေအနေဘယ်လိုရှိလဲဆိုတဲ့မေးခွန်းတွေကိုတော့ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

သမ္မတဟာ Positive ထွက်ပြီးတဲ့နောက် အောက်ဆီဂျင်နှစ်ကြိမ်ပေးခဲ့ရတယ်ဆိုပေမယ့် အခုအချိန်မှာ ဆေးရုံကဆင်းလို့ရနေပြီလို့ ဒေါက်တာ Sean Conley က ဆိုခဲ့ကြောင်း သိရပါတယ်။

Asteria/Pyi Myanmar Ref: Channel News Asia



Follow us on