1. Home
  2. International News

ခရစ္စမတ်ကာလအမီ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များဆုတ်ခွာနိုင်ရန် ဆောင်ရွက်မည်ဟု သမ္မတထရမ့် ကတိပြု

International News ต.ค. 09, 2563 view 1,467

အမေရိကန်ပြည်ထောင်စု၏ အရှည်ကြာဆုံးစစ်ပွဲဖြစ်သည့် အာဖဂန်နစ္စတန်စစ်ပွဲကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပြီး ကျန်ရှိနေသည့် အမေရိကန်တပ်ဖွဲ့ဝင်များ အားလုံးကို ခရစ္စမတ်ကာလအမီ အမေရိကန်ပြည်ထောင်စု သို့ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က ယမန်နေ့တွင် သူ၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခဲ့သည်။

ထိုသို့ရေးသားရာ၌ သမ္မတထရမ့်က အာဖဂန်တွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် တပ်သားများကို ရဲစွမ်းသတ္တိရှိသည့် အမျိုးသား၊ အမျိုးသမီး များအဖြစ် တင်စားသုံးနှုန်းခဲ့သည်ကို တွေ့ရသည်။ ဖေဖော်ဝါရီ ၂၉ ရက် ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့ သည့် အမေရိကန်နှင့် တာလီဘန်တို့ကြား ဆွေးနွေးပွဲ၌ ၂၀၂၁ ခုနှစ်လယ်တွင် အာဖဂန်မှ အမေရိကန်တပ်များ အားလုံးဆုတ်ခွာရေးနှင့် အပြန်အလှန်အားဖြင့် ၂၀၀၁ ခုနှစ် အမေရိကန်တို့အာဖဂန်ကို ကျူးကျော်ဝင်ရောက်နေ သည်ဟူသော အကြောင်းပြချက်ဖြင့် တာလီဘန်တို့ လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကိုလည်း လုံးဝ ရပ်တန့်ရေး သဘောတူညီချက်ရရှိခဲ့သည်။

ယင်းသဘော တူညီချက်အရ အာဖဂန်အစိုးရနှင့် တာလီဘန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး လျင်လျင် မြန်မြန် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ကြသည်။ သမ္မတထရမ့်က ရွေးကောက်ပွဲမကျင်းပမီ တစ်လ အလိုတွင် အာဖဂန်အရေးနှင့်ပတ်သက်၍ သူ့အနေဖြင့် ကတိတည်ကြောင်း ပြသခဲ့ပြီး “အဆုံးမရှိစစ်ပွဲ” အဖြစ် တင်စားခံနေရသည့် အာဖဂန်စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

ထရမ့်သည် အာဖဂန်နစ္စတန်နှင့် အီရတ်နှစ်နိုင်ငံလုံးရှိ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးအတွက် အစီအစဉ်ဆွဲနေပြီး အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဒီမိုကရက်တစ်သမ္မတ လောင်း ဘိုင်ဒင်က တာလီဘန်တို့နှင့် ကိစ္စရပ်ကို အောင်မြင် အောင် ဖြေရှင်းပြီးဖြစ်သော်လည်း အိုင်အက်စ် စစ်သွေးကြွ များအရေးကို ထရမ့် မည်သို့ကိုင်တွယ်မည်လဲဆိုသည်ကို သိလိုကြောင်း မေးခွန်းထုတ်ခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မေလဲ့သင်း/The Mirror



Follow us on