သေဆုံးခဲ့တဲ့ သားငယ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းပြီး လူ့အသက် သုံးချောင်း ကယ်တင်ခဲ့တဲ့ မိခင်ဟာ သားငယ်ရဲ့ နှလုံး အစားထိုး ထည့်သွင်းထားသူနဲ့ တွေ့ဆုံချိန်မှာ သူ့သားရဲ့ နှလုံးခုန်သံကို နားကြပ်နဲ့ နားထောင်ပြီး ငိုကြွေးနေတဲ့ပုံက မြင်ရသူတွေကို စိတ်ထိခိုက်စေခဲ့ပါတယ်။
ဟီသာကလက်ရဲ့ သားငယ် လူးကပ်စ်ဟာ ခုနှစ်လသား အရွယ်မှာ သေဆုံးခဲ့ပြီး သူ့သားရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ဟီသာကလက်က ဆုံးဖြတ်ခဲ့ပါတယ်။ မွေးရာပါ နှလုံးရောဂါ ခံစားနေရတဲ့ အသက်(၁၈)လ အရွယ် ကောင်မလေးကို အစားထိုးပေးဖို့ လူးကက်စ်ရဲ့ နှလုံးကို လှူဒါန်းခဲ့ပြီး လူးကပ်စ်ရဲ့ နှလုံး အစားထိုး ထည့်သွင်းထားတဲ့ ကောင်မလေး ဂျော်ဒန်ဒရိတ်ဟာ အခုဆိုရင် အသက်လေးနှစ် အရွယ် ရှိနေပါပြီ။
လူးကပ်စ်ရဲ့ မိခင် ဟီသာကလက်တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ဟီသာကလက်က သူ့သားရဲ့ နှလုံးခုန်သံကို နားထောင်ပြီး ငိုကြွေးခဲ့တာပါ။ ဂျော်ဒန်ဒရိတ်ရဲ့ မိခင်ဟာလည်း ဟီသာကလက်ကို ကြည့်ပြီး မျက်ရည်ကျခဲ့သလို ဟီသာကလက်ကိုလည်း ပွေ့ဖက် နှစ်သိမ့်ခဲ့ပါတယ်။
ဟီသာကလက်ဟာ အရီဇိုးနားပြည်နယ်က ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှု လက်ခံပြီး လိုအပ်သူထံ ချိတ်ဆက် လှူဒါန်းပေးတဲ့ Donate Life Arizona အဖွဲ့အစည်းနဲ့ ချိတ်ဆက် လှူဒါန်းခဲ့တာပါ။
''သားငယ်ကို ဆုံးရှုံးရလို့ တွေးမရနိုင်လောက်တဲ့ ပူဆွေးသောကဒဏ် ခံစားနေရပေမယ့် ဟီသာကလက်ရဲ့ ဆုံးဖြတ်ချက်က အသက် သုံးချောင်းကို ကယ်တင်နိုင်ခဲ့တယ်။ မနေ့တုန်းကတော့ ဟီသာကလက်ဟာ သူ့သားရဲ့ နှလုံးခုန်သံကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ကြားခွင့်ရခဲ့တယ်''လို့ Donate Life Arizona အဖွဲ့အစည်းက သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားပြီး ဂျော်ဒန်ဒရိတ် သားအမိနဲ့ ဟီသာကလက်တို့ တွေ့ဆုံနေတဲ့ပုံကို ဖော်ပြခဲ့ပါတယ်။
ဟီသာကလက်ရဲ့ သားငယ် လူးကပ်စ်ဟာ ၂၀၁၃ ခုနှစ် ဇွန်လမှာ သေဆုံးခဲ့တာဖြစ်ပြီး မိခင် မရှိချိန်မှာ ကလေးထိန်းပေးသူရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာလို့ သတင်းထွက်ခဲ့ပါတယ်။ ဒီအတွက် ကလေးထိန်းပေးခဲ့တဲ့ အသက်(၂၄)နှစ်အရွယ် အန်တိုနီဂါစီယာကို ဆန်ဘာနာဒီနို စီရင်စု အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ လူသတ်မှုတို့နဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
Credit: Yoyarlay