1. Home
  2. International News

Selfie ရိုက်ပြီး သေဆုံးသော သူများ မြင့်တက်လို့Selfie ဘေးကင်း လည့်ရတဲ့ အိန္ဒိယ နိုင်ငံ

International News ก.พ. 29, 2559 view 1,549

ဖုန်းဖြင့် Selfie ဓာတ်ပုံရိုက်ကူးရာမှ မတော်တဆသေဆုံးမှုများ မြင့်တက်လာသည့်နောက် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ ရဲတပ်ဖွဲ့က Selfie ဘေးကင်းရေး ကင်းလှည့်လှုပ်ရှားမှုများ စတင်နေပြီဟု သိရသည်။

အိန္ဒိယသည် တစ်ကမ္ဘာလုံးတွင် Selfieကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများကြောင့် အသေအပျောက်အများဆုံးနိုင်ငံအဖြစ် နာမည်ဆိုးထွက်လာသည့်နောက် ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်ဆိုးများကို လျှော့ချနိုင်ရန် အရေးယူတုံ့ပြန်လာခဲ့သည်။

အထူးသဖြင့် အိန္ဒိယ၏စီးပွားရေး မြို့တော်ဖြစ်သော မွမ်ဘိုင်းတွင် ယင်းပြဿနာများ အဓိကကြုံနေရသောကြောင့် မွမ်ဘိုင်းရဲတပ်ဖွဲ့က Selfie အရိုက်များသည့် နေရာများတွင် ကင်းလှည့်စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ ထို့အပြင် “မီးရထားလမ်းပေါ်မှာ Selfie မရိုက်သင့်ပါ”၊ “Selfie ရိုက်ရင်း လမ်းမကူးပါနှင့်”၊ “ဓာတ်အားပေးလိုင်းပေါ်တက်၍ Selfie ရိုက်ခြင်းမှာ အလွန်အန္တရာယ်များသည်”၊ “လက်နက်များ ကိုင်ဆောင်၍ Selfie ရိုက်ရာမှ မတော်တဆ ထိခိုက်နိုင်သည်”၊ “လှေပေါ် မတ်တပ်ရပ်၍ Selfie ရိုက်ပါက ဟန်ချက်ပျက်၍ ရေထဲကျနိုင်သည်၊ သတိပြုပါ”၊ “အဆောက်အအုံမြင့် ခေါင်မိုးပေါ်တက်၍ Selfie ရိုက်လျှင် ပြုတ်ကျသွားနိုင်သည်” အစရှိသော သတိပေးဆိုင်းဘုတ်များကို လိုက်လံစိုက်ထူရန်လည်း ရဲတပ်ဖွဲ့ကစဉ်းစားနေသည်။ အဆိုပါဆိုင်းဘုတ်မျိုးများကို ရုရှားနိုင်ငံတွင် လက်တွေ့အသုံးပြုလျက် ရှိသည်။

“ကျွန်တော်တို့ အတွက်တော့ ပြဿနာ အသစ်ဗျ။ မွမ်ဘိုင်းမှာ Selfie အရိုက်များတဲ့ နေရာတွေကိုလိုက်ပြီး ဆန်းစစ်လေ့လာနေတယ်။ လူတွေအနေနဲ့မလိုလားအပ်တဲ့ မတော်တဆမှုတွေ ဖြစ်မသွားစေချင်ဘူး” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရအရာရှိ ဒါနန်ဂျေး ကူလ်ကာနီက ဆိုသည်။

အချက်အလက်များအရ ပြီးခဲ့သည့် ၃ နှစ်အတွင်း ကမ္ဘာပေါ်တွင် Selfie နှင့် ဆက်နွှယ်သည့် အသေအပျောက် ၄၉ ခု ရှိခဲ့ရာတွင် ၁၉ ခုသည် အိန္ဒိယတွင် ဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးရှိ Selfie မတော်တဆသေဆုံးမှုများ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် အိန္ဒိယမှ ဖြစ်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ချန်နိုင်းတွင် လူငယ်တစ်ဦးသည် ရထားတစ်စီးခုတ်မောင်းလာသည့် ရှေ့မှ Selfie ရိုက်ရန် ကြိုးစားရင်း ရထားနှင့်ချိတ်မိကာ တရွတ်တိုက်ပါသွားပြီး အသက်ဆုံးရှုံးခဲ့ဖူးသည်။ မွမ်ဘိုင်းတွင် လူငယ်များကြား ဖုန်းတကိုင်ကိုင်နှင့် ဓာတ်ပုံအရိုက်ဆုံး နေရာတစ်ခုဖြစ်သည့် Oceanfront ကို ရဲတပ်ဖွဲ့က အဓိကထား စောင့်ကြည့်နေသည်။ အခြားဧရိယာများကိုလည်း လိုက်လံလေ့လာနေပြီး ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စောင့်ကြည့်နိုင်ရန် စီစဉ်သွားမည်ဟု ကူလ်ကာနီက ဆိုသည်။

“အဲဒီလိုနေရာတွေမှာ ရဲတွေ ဖြန့်ကျက်ထားမှာပါ။ ပြီးတော့ Selfie မတော်တဆမှု အန္တရာယ် သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပေးဖို့လည်း မြို့တော်ကောင်စီတာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်” ဟု ၎င်းက ပြောကြားသွားသည်။

မတော်တဆမှုဖြစ်နိုင်သည့် အခြေအနေများကြောင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရှိ လုဗ်ပြတိုက်နှင့် ကမ္ဘာတလွှားမှ Disneyland အပန်းဖြေဥယျာဉ်များတွင်လည်း Selfie Stick များ ယူဆောင်ရိုက်ကူးခွင့်ကို ပိတ်ပင်ထားကြောင်း သိရှိရသည်။

 



Follow us on