1. Home
  2. International News

တရုတ်ရေတပ် တိုက်လေယာဉ်တစ်စီး လူနေဧရိယာတွင် ပျက်ကျ

International News พ.ค. 13, 2559 view 1,506

တရုတ်တွင် ရေတပ်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရင်း လူနေဧရိယာတွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျီအန်း ပြည်နယ်ရှိ တိုင်ဇူမြို့တွင် မေ ၁၁ ရက် ညပိုင်းက ယခု မတော်တဆမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ လေယာဉ်ပျက်ကျမှုကို နောက်တစ်နေ့တွင် အတည်ပြု ကြေညာခဲ့သည်။ လေယာဉ်မှူးသည် အချိန်မီ လွတ်မြောက်အောင် ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းခဲ့သလို မြေပြင်ပေါ် ရှိနေသူ တစ်စုံတစ်ဦးမျှ ထိခိုက်မှု မရှိဟုလည်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

လေယာဉ် ပျက်ကျမှုကြောင့် အထည်ချုပ် စက်ရုံတစ်လုံး၏ အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။ အဆိုပါ လေယာဉ်သည် အရှေ့ပင်လယ် တရုတ်ရေတပ်မကြီးတွင် ပါဝင်သည့် တိုက်လေယာဉ် တစ်စီးဖြစ်သည်။ လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို လတ်တလောတွင် စုံစမ်းနေဆဲဟု ဆိုသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ပျက်ကျသည့် လေယာဉ် အမျိုးအစားကို အတိအကျ ဖော်ပြခြင်း မရှိချေ။ တရုတ်ရေတပ်သည် သက်တမ်းရင့်နေပြီဖြစ်သည့် J-7နှင့် J-8 တိုက်လေယာဉ်များကို အသုံးပြုနေဆဲဖြစ်ပြီး ရုရှားလုပ် Su-27များကိုလည်း တဖြည်းဖြည်း အစားထိုးနေသည်။

ထို့အပြင် တရုတ်လုပ် ခေတ်မီ တိုက်လေယာဉ် အသစ်များကိုလည်း Liaoning လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် စတင် နေရာယူ လေ့ကျင့်လျက် ရှိသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ညဘက်ပျံသန်းမှုများ အပါအဝင် လေ့ကျင့်ရေး အစီအစဉ်များကို ပြင်းပြင်းထန်ထန် တိုးမြှင့် ဆောင်ရွက်လာမှုကြောင့် အနာဂတ်တွင်လည်း ယခုလို မတော်တဆ အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း မှတ်ချက်ပေးထားသည်။ Credit Myanmar Daily Star



Follow us on