1. Home
  2. International News

ဇွန်လ ၁၅ ရက်နေ့မှာ ပြန်လည် စတင်မည့် ပရီးမီးယားလိဂ်

International News มิ.ย. 02, 2559 view 1,569
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီသစ်အတွက် ပွဲစဉ်ဇယား ထုတ်ပြန်ကြေညာမှုကို လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆောင်ရွက်သွားတော့မည်ဖြစ်ကာ ပြိုင်ပွဲစတင်မည့်နေ့ရက်မှာ သြဂုတ်လ ၁၃ ရက်နေ့ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက အသိပေးပြောကြားထားသည်ဟု Sky Sports က ဖော်ပြထားသည်။
 
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြိုင်ပွဲမစတင်မီ သီတင်းတစ်ပတ်အလို သြဂုတ်လ ၇ ရက်နေ့တွင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံ လက်စတာနှင့်အက်ဖ်အေဖလားချန်ပီယံ မန်ယူတို့ကို ရာသီဖွင့် ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကာ မန်ယူနည်းပြမော်ရင်ညိုက ၎င်းအနေနှင့် ဘောလုံးရာသီသစ် ပြန်လည်စတင်မည့်အချိန်ကို မစောင့်နိုင်အောင်ပင် ဖြစ်နေရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
 
အားကစားရေးရာ လေ့လာသုံးသပ်သူများသည် လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီကို ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်၌ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဘောလုံးရာသီဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြပြီး မန်ယူနည်းပြသစ် မော်ရင်ညို၊ ချယ်လ်ဆီးနည်းပြသစ် ကွန်တီ၊ မန်စီးတီးနည်းပြသစ် ဂွါဒီယိုလာ၊ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်တို့ မည်သည့်ကစားသမားများကိုခေါ်ယူ၍ အသင်းကို မည်သို့ပုံဖော်မည်ဆိုခြင်းကို ယခုအချိန်ကတည်းကပင် ပရိသတ်များက စိတ်ဝင်တစားရှိနေကြပြီဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပေးပြောကြားထားကြသည်။
 
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြိုင်ပွဲအရှိန်အဝါ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးမြင့်လာသည်ကို ဘ၀င်ကျကျေနပ်လျက်ရှိသော်လည်း ပြိုင်ပွဲအတွင်း ဗြိတိန်နည်းပြအရေအတွက် လျော့နည်းကျဆင်းလာခြင်းနှင့် အင်္ဂလန်မျိုးဆက်သစ်ကစားသမားများ ပွဲထွက်ကစားခွင့် နည်းပါးလာခြင်းတို့ကိုမူ စိုးရိမ်ပူပန်မှုများရှိနေပြီး လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်သို့ နိုင်ငံခြားသားကစားသမားဝင်ရောက်မှုမှာ လက်ရှိထက်ပို၍ များပြားမြင့်တက်လာဖွယ် အခြေအနေများလည်း ရှိနေသည်။


Follow us on