1. Home
  2. International News

Galaxy S7 ဖုန်းများ ရောင်းအား ကောင်းခဲ့သောကြောင့် ဆမ်ဆောင်း၏အမြတ် ခုန်တက်

International News ก.ค. 08, 2559 view 1,574

ထိပ်တန်းစမတ်ဖုန်း Galaxy S7 များ ရောင်းအားကောင်းခဲ့ပြီး စရိတ်လျှော့ချရေး ကြိုးပမ်းမှုများကြောင့် ဆမ်ဆောင်း အီလက်ထရွန်းနစ်၏ အမြတ်သည် နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့ကြောင်း ဇူလိုင် ၇ တွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းများက ဖော်ပြခဲ့သည်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဆမ်ဆောင်းက ဧပြီ-ဇွန် သုံးလပတ်တွင် အမြတ် ဒေါ်လာ ခုနစ်ဘီလျံ ရရှိမည်ဟု ခန့်မှန်းချက် ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းသည် မတ်လက Galaxy S7 ဖုန်းများကို စတင်ရောင်းချခဲ့ပြီးနောက် ဖုန်း ၂၆ သန်းခန့် ရောင်းချခဲ့ရသည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ ဆမ်ဆောင်းသည် အလျင်အမြန် ဖွံ့ဖြိုးလာနေသော အင်အားကြီးစ ဈေးကွက်များ၌ ရောင်းအားတိုးချဲ့ရန် ကြိုးပမ်းသည့် အနေဖြင့် အလယ်အလတ်နှင့် အနိမ့်စမတ်ဖုန်းများကိုလည်း တိုးမြှင့်ထုတ်လုပ်ခဲ့သည်။

Apple ၏ iPhone နှင့် Huawei ကဲ့သို့သော တရုတ်ပြိုင်ဘက်များ၏ ဈေးချိုသော ဖုန်းများ၏ ယှဉ်ပြိုင်မှုကို ကြုံနေရသော ဆမ်ဆောင်းသည် အမြတ်အများစုကို မိုဘိုင်းစီးပွားရေးမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဆမ်ဆောင်း၏ စရိတ်လျှော့ချရေး အစီအစဉ်များက အမြတ်မြင့်တက်မှုတွင် အဓိက ကျခဲ့ကြောင်း HMC Investment မှ လေ့လာသုံးသပ်သူ ဂရက်ရော့က ပြောကြားခဲ့သည်။ ဆမ်ဆောင်းသည် ယခုနှစ်နှောင်းပိုင်းတွင် Apple ၏ ယှဉ်ပြိုင်မှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရဖွယ်ရှိကြောင်း ၎င်းက သတိပေးခဲ့သည်။ Apple သည် ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ကုန်သစ်များ မိတ်ဆက်ဖွယ်ရှိသည်။ သို့သော်လည်း ဆမ်ဆောင်း၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းသည် မိုဘိုင်းစီးပွားရေး လုပ်ငန်း၏ ကျဆင်းမှုကို ထေမိဖွယ် ရှိကြောင်း လေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားခဲ့သည်။

ဆမ်ဆောင်းသည် ကမ္ဘာပေါ်တွင် မိုက်ခရိုချစ်ပ်များ ထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်သည်။ မိုဘိုင်းကိရိယာများနှင့် ဆာဗာများတွင် အသုံးပြုသော ချစ်ပ်များကို ဆမ်ဆောင်းက 3DNAND ဟုခေါ် သည့် နည်းပညာအသုံးပြုပြီး များများမြန်မြန် ထုတ်လုပ်နိုင်သည်။ ဆမ်ဆောင်း၏ မိုဘိုင်းစီးပွားရေးလုပ်ငန်း၊ တီဗီထုတ်လုပ်ရေးလုပ်ငန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းနှင့် မျက်နှာပြင်ပြားများ ထုတ်လုပ်ရေး လုပ်ငန်းတို့မှ ၀င်ငွေများကို ယခုလအတွင်း ထုတ်ပြန်ဖွယ် ရှိသည်။

Credit ; http://www.news-eleven.com/



Follow us on