1. Home
  2. International News

၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် အဲမရိတ် သတ်မှတ်ခံရ

International News ก.ค. 13, 2559 view 1,632

၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် အဲမရိတ် (Emirates) လေကြောင်းလိုင်းကို လေကြောင်းလိုင်းတွေနဲ့ ပတ်သက်ပြီး သုံးသပ် အဆင့်သတ်မှတ်တဲ့ ဗြိတိန် စကိုင်းထရက်စ်က ရွေးချယ်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၀၀ က ခရီးသည် သန်း ၂၀ ဆီ စစ်တမ်းကောက်ပြီး ဇူလိုင် ၁၂ ရက် ဖန်ဘရောက် လေကြောင်းပြပွဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု အခြေစိုက် အဲမရိတ်လေကြောင်းလိုင်းကို ဆုတံဆိပ်ချီးမြှင့်လိုက်တာလို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ ၁၅ နှစ်အတွင်း စတုတ္တအကြိမ်အဖြစ် အဲမရိတ်က ဒီဆုကို ရရှိခဲ့တာဖြစ်ပြီး အရင်နှစ်ကတော့ ကာတာအဲဝေးက ရရှိသွားတာ ဖြစ်ပါတယ်။

ဂုဏ်သရေကြီးတဲ့ စကိုင်းထရက်စ်ရဲ့ဆုကို ရရှိတဲ့အတွက် ဂုဏ်ယူမိတယ်လို့ လေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌ ဆာတင်ကလပ်က ထုတ်ပြန်ပါတယ်။ အဲမရိတ်ဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်ပြီး ခရီးသည်တင် လေယာဉ်ကြီး ၂၅၀ စင်းရှိတယ်လို့ ဆိုပါတယ်။ ဥရောပအကောင်းဆုံး လေကြောင်းလိုင်းအဖြစ် Turkish လေကြောင်းလိုင်းက ရရှိသွားသလို Norwegian ကတော့ ခရီးဝေးပျံသန်းမှု အကောင်းဆုံးနဲ့ ဥရောပမှာ ကုန်ကျစရိတ် အသက်သာဆုံး လေကြောင်းလိုင်းဆုကို ရရှိသွားပါတယ်။

Credit : burmese.dvb.no



Follow us on