ဒီဇင်ဘာ ၁၁ ရက်နေ့ ညက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ကိုညီညီက ၎င်းအသက်ဘေးနှင့် ကြုံနေရစဉ် ဒဂုံ(တောင်ပိုင်း) ရဲဌါနအား ဆက်သွယ်အကြောင်းကြာကာ အကူညီစေလွှတ်ရန် အကူညီတောင်းခဲ့သော်လည်း မည်သူမျှရောက်မလာပဲ အသက်လုပြေးလာခဲ့သည့် အကြောင်း ရဲဌါန၏ ပေါရော့မှုကို သူ၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှ ရေးသားခဲ့သည်။ အပြည့်အစုံကို
ဤနေရာတွင် ဖတ်ပါ။
ထိုကဲ့သို့ ရေးသားခဲ့မှုအပေါ် ရန်ကုန်တိုင်း ရဲအဖွဲ့မှ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် Yangon Police ဖေ့စ်ဘုတ်စာမျက်နှာမှ အောက်ပါအတိုင်း ပြန်လည်၍ ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။
====================================================
လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် Nyi Nyi Account ဖြင့် ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ဖော်ပြခြင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
၁၁.၁၂.၂၀၁၆ ရက်နေ့ ၂၂၄၁ အချိန်တွင် လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် Nyi Nyi Account ဖြင့် “ည(၁၀)နာရီဝန်းကျင် လေးထောင့်ကန်လမ်းမှအပြန် Taxi အနက်တစ်စီးမှ လူအင်အားအပြည့်ဖြင့် အသက်အန္တရာယ်ပြု လုပ်ကြံမှုတစ်ခုကို ကျွန်တော်ထပ်မံကြုံတွေ့ရပါပြီ” ဟု အကြောင်းအရာဖြင့် ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ကြီးကြပ်မှုဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ စိစစ် ဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်မှာ ၁၁.၁၂.၂၀၁၆ ရက်နေ့ ည ၂၂၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီပါဝင်သောအဖွဲ့သည် မြို့နယ်ပါတီရုံးခန်း
ဆောက်လုပ်ရန် ရန်ပုံငွေပွဲကျင်းပရာ လေးထောင့်ကန်ရပ်ကွက်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ 9H---- ကင်တာယာဉ်ဖြင့် အမှတ်(၂)လမ်းမကြီးအတိုင်း ပြန်လာခဲ့ကြောင်း၊ အမှတ်(၂)လမ်းမကြီးရှိ တိုးဂိတ် အကျော်အရောက်၌ နောက်ဘက်မှ Taxi ယာဉ်တစ်စီးမှာ အရှိန်ပြင်းမောင်းနှင်လာပြီး ကျော်တက်ကာ ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်ရှေ့မှ ပိတ်ရပ်ခဲ့ကြောင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်းသိရှိရပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားချိန်၌ ရဲစခန်း တာဝန်ကျတာဝန်မှူးမှာ ၂၁၄၀ အချိန်တွင်ဖြစ်ပွားခဲ့သော သေမှုသေခင်း စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့သွား ရောက်နေချိန်ဖြစ်ကြောင်း၊ ၎င်းတာဝန်ကြပ်ရဲတပ်ဖွဲ့ဝင်များက ဖုန်းသတင်း(၂)ကြိမ်တိတိ
ပေးပို့လာခဲ့သဖြင့် စခန်းမှူးထံ သတင်းပေးပို့တင်ပြပြီး အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်မည်ပြုစဉ် မော်တော်ယာဉ်တစ်စီးမှာ ရဲစခန်းရှေ့သို့ ရောက်ရှိလာသဖြင့် တာဝန်ကြပ်ရဲတပ်ဖွဲ့ဝင်က ရဲစခန်းအပြင်သို့သွားရောက်တွေ့ဆုံခဲ့ရာ အခင်းဖြစ်စဉ်အား သတင်းပေးပို့ခဲ့သည့် ဦးညီညီ နှင့်ဦးမြင့်ဝင်းတို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့ ၂ဦးအား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းမှူးမှ အခင်းဖြစ်စဉ်ကို အသေးစိတ်မေးမြန်းကာ ၁၂.၁၂.၂၀၁၆ ရက်နေ့ ၀၁၃၀အချိန်တွင် ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမြင့်ဝင်းက အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၁၉၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/ ၁၁၄ဖြင့်အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရဲစခန်းဝင်းတံခါးပိတ်ထားရခြင်းမှာ ညအချိန်ဖြစ်သဖြင့် ရဲစခန်းလုံခြုံရေး၊ တပ်ဖွဲ့ဝင်မိသားစုများ၏ လုံခြုံရေးအရ ပိတ်ထားရခြင်းဖြစ်ပြီး တံခါးအနီးရှေ့ဂိတ်ကင်းတွင် ကင်းတာဝန်ကျတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိကြောင်း၊ ပြည်သူများမှ မှုခင်းကိစ္စများကို လာရောက်တိုင်တန်းပါက တာဝန်ကျ
ကင်းအဖွဲ့မှစိစစ်ပြီး အမှုတိုင်ကြားနိုင်ရေးအတွက် ရဲစခန်းအတွင်းသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိပါသည်။
အမှုမှပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်နေစဉ် ၁၂.၁၂.၂၀၁၆ ရက်နေ့ ၁၈၃၀ အချိန်တွင် ယာဉ်မောင်း မင်းခိုင်ဦးပါ(၅)ဦးတို့မှ ပြဿနာဖြေရှင်းရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြပါသည်။
အမှုနှင့်ပတ်သက်၍ ယာဉ်မောင်း မင်းခိုင်ဦးပါ(၅)ဦးတို့အားစစ်ဆေးခဲ့ရာ ၉.၁၂.၂၀၁၆ ရက်နေ့က ကျိုက်ထီးရိုးဘုရားအား ဖူးမျှော်ရန် ၎င်းမောင်းနှင်သည့် ယာဉ်အပါအဝင် မော်တော်ယာဉ်(၄)စီးတို့ဖြင့် သွားရောက်ခဲ့ကြောင်း၊ ၁၁.၁၂.၂၀၁၆ ရက်နေ့ ကျိုက်ထီးရိုးဘုရားဖူးမှအပြန် အမှတ်(၂)လမ်းမကြီး
အတိုင်း မောင်းနှင်လာစဉ် မစိုဂိတ်အနီးအရောက် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ အပေါ့သွားစဉ် ကျန်မော်တော်ယာဉ်(၃)စီးမှာ ရှေ့က မောင်းနှင်သွားခဲ့သဖြင့် အမှီလိုက်နိုင်ရန် ယာဉ်ကိုအရှိန်ပြင်းမောင်းနှင်ခဲ့ကြောင်း၊ ၎င်းယာဉ်မှာ ရှေ့မှ မောင်းနှင်သွားနေသော 9H--- ကင်တာမော်တော်ယာဉ်အား ကျော်တက်မောင်းနှင်ရန် ပြုလုပ်စဉ် ကင်တာယာဉ်မှာ ရှေ့ခေါင်းထွက်နေသဖြင့် ကျော်တက်မရဖြစ်နေ၍ အပြန်အလှန်ဆဲဆို စကားများခဲ့ကြကြောင်း၊ ၎င်းမောင်းနှင်သော မော်တော်ယာဉ်အား ကင်တာမော်တော်ယာဉ်ရှေ့မှ တားဆီးပိတ်ပင်ရပ်တန့်ခြင်းမရှိဘဲ နေအိမ်သို့ မောင်းနှင်သွားခဲ့ခြင်းသာဖြစ်ကြောင်း၊ မော်တော်ယာဉ်ပေါ်တွင် မည့်သည့် တုတ် ဓား လက်နက်များကိုမျှ သယ်ဆောင်လာခြင်း မရှိသည့်အပြင် ယာဉ်ပေါ်မှဆင်း၍ တုတ်ဖြင့်ရိုက်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းလည်း မရှိကြောင်းနှင့် ၎င်းတို့ကျော်တက်မောင်းနှင်ခဲ့သော ကင်တာယာဉ်ပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ စီးနင်းလိုက်ပါသည်ကိုလည်းမသိရှိကြောင်း၊ ၎င်းနှင့် ရန်ငြိုးရန်စလည်းမရှိသည့်အပြင် မည်သူ့ကိုယ်မှ လုပ်ကြံစရာလည်းမရှိကြောင်းတို့ကို စစ်ဆေးသိရှိရပြီး ယာဉ်မောင်း မင်းခိုင်ဦးပါ(၅)ဦးတို့အား အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း သိရှိနိုင်ရန်ဖြစ်စဉ်မှန်အား အသိပေးဖော်ပြပါသည်။