1. Home
  2. International News

မင်္ဂလာအခမ်းအနားကျင်းပစဉ် သစ်ပင်ကြီးလဲကျပြီး

International News ธ.ค. 20, 2559 view 1,666

မင်္ဂလာပွဲနဲ့ အမင်္ဂလာပွဲဟာ တစ်ခါတလေမှာ တစ်ချိန်တည်း ဖြစ်သွားတတ်ပါတယ်။ အခု ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ကယ်လီဖိုးနီးယားတောင်းပိုင်း Whittier’s Penn Park ဥယျာဉ်က မင်္ဂလာပွဲတစ်ခုမှာတော့ ဧရာမသစ်ပင်ကြီးတစ်ပင် ပွဲကျင်းပရာဆီကို တည့်တည့်လဲကျခဲ့လို့ လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ သတို့သမီးရဲ့ မိခင်ကတော့ သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်လျှင်ဖြစ်ချင်းပဲ လက်ထပ်ပွဲရောက်လာတဲ့ ဧည့်သည်တွေဟာ ဖရိုဖရဲနဲ့ မြေပြင်မှာ ပြိုလဲနေခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဖို့ပြင်ဆင်ရပါတယ်။

သတို့သမီးရဲ့အမေကိုလည်း CPR နည်းနဲ့ ပြုစုခဲ့ပေမယ့် သေဆုံးသွားတယ်လို့ အဲဒီ မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့ ဧည့်သည်တစ်ဦးက အတည်ပြု ပြောကြားခဲ့ပါတယ်။ အခြား CPR ပေးကာ ကုသခဲ့ရတဲ့ ဒဏ်ရာရရှိသူတွေလည်း ပါဝင်ခဲ့ပါသေးတယ်။ အဆိုပါကွင်းပြင်မှာကျင်းပနေတဲ့ အခြားပါတီတစ်ခုကို တက်ရောက်ခဲ့တဲ့ Rene Zaldivar အမည်ရ အမျိုးသားကတော့ စူးစူးဝါးဝါးအော်နေတဲ့ သတို့သမီးအသံကို ကြားခဲ့ရကြောင်း၊ အဲဒီအချိန်မှာ သတို့သမီးရဲ့မိခင်ဟာ သတိလစ်မေ့မျော့နေပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် သူနာပြုတွေက သူမရဲ့အသက်ကို မကယ်လိုက်နိုင်ကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။

သစ်ပင်အောက်မှာ ကလေးတစ်ယောက်နဲ့ လူကြီးခြောက်ယောက် ပိမိခဲ့ကြပြီး၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ သစ်ကိုင်းတွေကို Chain Saw တွေနဲ့ ဖြတ်တောက်ကာ ကယ်ဆယ်ခဲ့ရပြီး ၎င်းတို့ရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ အခြားလူ လေးယောက်လည်း ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ရာနေရာကို လူနာတင်ယာဉ်ခြောက်စီးနဲ့ မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အလျှင်အမြန်ရောက် လာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ကြပါတယ်။ မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောပြချက်အရ မင်္ဂလာပွဲလာ ဧည့်သည်တွေ ဓာတ်ပုံရိုက်ခြင်း၊ အစားအစာစားသောက်ခြင်းများ ပြုလုပ်နေစဉ်မှာ သစ်ပင်ကြီးက ထက်ပိုင်းကျိုးကျခဲ့တာလို့ သိရပါတယ်။

Credit : shwemom



Follow us on