1. Home
  2. Myanmar News

ယာဉ်စည်းကမ်းဖောက်ဖျက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးအမည်ကို အလွဲသုံးစားလုပ်ခဲ့သူ လာရောက်ဖြေရှင်း

Myanmar News ธ.ค. 27, 2559 view 1,533
ဒီဇင်ဘာလ ၂၃ ရက်နေ့က ရွှေဘုံသာလမ်းတွင် စည်းကမ်းမဲ့ ပိတ်ရပ်ထားသော 5F/8266 Land Cruiser(Cygnus) ပိုင်ရှင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်၏ အမည်ကို အလွဲသုံးစားလုပ်ကာ စစ်ဆေးမှုမခံယူပဲ မောင်းထွက်သွားခဲ့သည်။ ဤနေရာတွင် အပြည့်အစုံ ဖတ်ပါ။
 
 
အဆိုပါယာဉ်ပိုင်ရှင်၏ နေရပ်လိပ်စာ အမှန်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေရာ ယာဉ်ပိုင်ရှင်မှာ အမှတ်(၁၃၄/၁၃၅)၊ မိကျောင်းကန်အပိုင်း (၁)ရပ်ကွက်၊ ရိပ်သာ(၃)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ ဒေါ်တင်တင်အောင်ဖြစ်ပြီး အဆိုပါမော်တော်ယာဉ်အား ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမြင့်သန်းဝင်း(ခ) ဦးမင်းမောင်မှ အသုံးပြုခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ရဲတပ်ဖွဲ့သို့လာရောက် ဖြေရှင်းရန် အကြောင်းကြားခဲ့သည်။
 
ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဦးမြင့်သန်းဝင်း(ခ) ဦးမင်းမောင် နှင့်အတူ ယာဉ်မောင်းဖြစ်သူ ဦးအောင်ထွန်းတို့ လာရောက်ဖြေရှင်းခဲ့ကြသည်။ ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ယင်းတို့ နှစ်ဦးစလုံးတို့၏ ယာဉ်မောင်းလိုင်စင်များကို (၆)လ ပိတ်သိမ်းခဲ့သည်။
 
 
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုကို တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက တာဝန်ဝတ္တရားဆောင်ရွက်ရာတွင် မလုပ်ကိုင်ရဲအောင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏အမည်ကို အကာကွယ်ရယူ၍ အလွဲသုံးစားပြုခဲ့မိကြောင်း ၎င်းကိုယ်တိုင်လာရောက် ဝန်ခံတောင်းပန်ခဲ့သဖြင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ၎င်း၏အမည်ကိုအလွဲသုံးစားပြုခြင်းနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းမပြုတော့ဘဲ နောက်နောင်တွင် ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုကို အကာကွယ်ရယူရန်အတွက် မည်သည့်အစိုးရအဖွဲ့ အကြီးအကဲများကိုဖြစ်စေ၊ မည်သည့်ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာရှိများကိုဖြစ်စေ အမည်ကို အလွဲသုံးစားမပြုလုပ်ရန်နှင့် ထိုသို့ထပ်မံပြုလုပ်ခဲ့ပါက ဥပဒေအရ အရေးယူခံရမည်ကို သိရှိပါကြောင်း သက်သေများရှေ့မှောက်တွင် ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
 
 
Ref:Yangon Police
 


Follow us on