1. Home
  2. International News

ရာဇဝတ်သား တစ်ဦးကို ရဟတ်ယာဉ်ပေါ်မှ ကိုယ်တိုင် ကန်ချဖူးကြောင်း ဖိလစ်ပိုင် သမ္မတဆို

International News ธ.ค. 30, 2559 view 1,425

နိုင်ငံအတွင်းရှိ အကျင့်ပျက် ခြစားသော အစိုးရ ဝန်ထမ်းများကို ခပ်ကြမ်းကြမ်း ဖြိုခွင်းမည့် ကိစ္စတွင် မိမိသည် မည်သည့် ကိစ္စမျိုးကိုမှ ဂရုစိုက်နေမည် မဟုတ်ဟု ဒူတာတေးက ခြိမ်းခြောက်ခဲ့သည်။ ဒါဗာအို မြို့တော်ဝန် ဘဝက ရဲအရာရှိများကို တွန်းအားပေးရန်အတွက် ရာဇဝတ်သား သုံးဦးကို ကိုယ်တိုင် ပစ်သတ်ပြခဲ့ကြောင်း ဝန်ခံဖူးသည့် ဒူတာတေးသည် လူတစ်ဦးကို လေထဲပျံဝဲနေသည့် ရဟတ်ယာဉ်ပေါ်မှ ကန်ချဖူးကြောင်းပါ ထပ်မံ ဖော်ထုတ် ပြောဆိုလာခြင်း ဖြစ်သည်။ မိမိကန်ချခဲ့သော အမျိုးသားသည် တရုတ်လူမျိုး တစ်ဦးဖြစ်ပြီး လူသတ်မှု၊ မုဒိမ်းမှုများ ကျူးလွန်ထားခဲ့ကြောင်း ဒူတာတေးက ဆိုသည်။

“ခင်ဗျားက အကျင့်ပျက် ခြစားနေတဲ့သူမျိုး ဖြစ်ရင်လည်း မနီလာ မြို့ပေါ်မှာ ခင်ဗျားကို ရဟတ်ယာဉ်နဲ့ တင်ဆောင်သွားပြီး ကန်ချပစ်မယ် ဆိုတာကို မှတ်ထားပါ။ အရင်ကလည်း ကျုပ်ဒါမျိုး လုပ်ခဲ့ဖူးပြီးပြီ။ နောက်တစ်ခါ မလုပ်ရဲစရာ ဘာအကြောင်း ရှိမလဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

ဒူတာတေးသည် မွေးရပ်ဇာတိ ဒါဗာအိုတွင် မြို့တော်ဝန် ရာထူးကို ၂၂ နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဒါဗာအိုသည် ယခင်က ရာဇဝတ်မှု အလွန်ထူပြောသော နေရာတစ်ခု ဖြစ်ခဲ့သည့်တိုင် ၎င်းတာဝန်ယူခဲ့ပြီး နှစ်အနည်းငယ် အကြာ၌ အံ့ဩစရာ ကောင်းလောက်အောင် စည်းကမ်းသေဝပ်၍ တရားဥပဒေ စိုးမိုးမှု မြင့်တက်လာခဲ့သည်။ မိမိသည် ရာဇဝတ်သားများက ဓားစာခံများကို ဖမ်းဆီးထားသည့် အခြေအနေမျိုးတွင် သတင်းအချက်အလက် စုဆောင်းရန်အတွက် ယင်းကဲ့သို့ သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် ခွင့်ပြုမည်သာ ဖြစ်ကြောင်း ဒူတာတေးက ဆိုသည်။

ထို့အပြင် ယင်းမှတ်ချက် စကားများကြောင့် တရားစွဲဆို ခံရမှုများ ကြုံလာလျင်လည်း ဂရုမစိုက်ဟု ဆက်လက် ပြောကြားခဲ့သည်။ ဒူတာတေးက “Dramaကွက်တွေ ချိုးမနေနဲ့။ တခြား ဘယ်သူမှ ထွက်မလုပ်ရဲရင် ကျုပ်ကပဲ လူကြမ်းလုပ်မယ်”ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ ဒူတာတေး၏ ရဟတ်ယာဉ် ကိစ္စနှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်လာချိန်တွင် ၎င်း၏ ပြောရေးဆိုခွင့်ရ အရာရှိက သမ္မတ အနေဖြင့် ရာဇဝတ်သားများကို ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းသာဖြစ်၍ အမှန်တကယ် မဟုတ်ခဲ့ဟု ယူဆသင့်ကြောင်း ဖာထေး ပြောဆိုထားသည်။ “ဒီကိစ္စက ပါးစပ်ရာဇဝင်လို့ပဲ သဘောထားပါတော့”ဟု ၎င်းက ဖြေရှင်းသွားခဲ့သည်။

Credit : 7daydaily



Follow us on