1. Home
  2. International News

အရက်မူးနေစဉ် လေယာဉ်မောင်းရန်ကြိုးစားသူ လေယာဉ်မှူးအား အလုပ်မှထုတ်ပယ်

International News ม.ค. 06, 2560 view 1,499
အင်ဒိုနီးရှား စရိတ်သက်သာ ဘတ်ဂျတ်လေယာဉ်လိုင်းတစ်ခုဖြစ်သော “Citilink” လေကြောင်းလိုင်းမှ အင်ဒိုနီးရှားလေယာဉ်မှူးတစ်ဦးကို အရက်သေစာသောက်စား မူးယစ်ပြီး လေယာဉ်မောင်းနှင်ရန် ကြိုးပမ်းမှုကြောင့် အလုပ်မှထုတ်ပစ်ခဲ့ကြောင်း သိရှိရသည်။
 
 
ဒီဇင်ဘာလ ၂၈ ရက်နေ့က အသက် ၃၂ နှစ်အရွယ် Tekad Purna ဆိုသူ လေယာဉ်မှူးက အလုပ်တာဝန်ထမ်းဆောင်ရန် လေဆိပ်သို့ စဝင်လာကထဲက ခပ်ထွေထွေနှင့် ယိုင်ထိုးယိုင်ထိုးနှင့် ရောက်လာခဲ့သည်။ လုံခြုံရေး စစ်ဆေးရန်နေရာတွင် အစစ်ဆေးခံနေစဉ် ဒယီးဒယိုင်နှင့် အိတ်ထဲက အကြွေစေ့များတောင် ထွက်ကျခဲ့သည်။
 
ထို့နောက် တာဝန်ကျရာ လေယာဉ်ခန်းအတွင်းသို့ ရောက်ရှိကာ ခရီးသည်များအား မိုက်ကရိုဖုန်းနှင့် ဗလုံးဗထွေး စကားပြောခဲ့သည့်အတွက် ခရီးသည်အချို့က စိတ်မချဖြစ်ကာ လေယာဉ်ပေါ်မှ ဆင်းခဲ့ပြီးနောက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြသည်။
 
စစ်ဆေးရေးအဖွဲ့ ရောက်လာချိန်တွင် လေယာဉ်မောင်းခန်းထဲ၌ မူးရူးနေသော သူ့ကို တွေ့ခဲ့ရပြီးနောက် ထိမ်းသိမ်းခေါ်ဆောင်သွားခဲ့သည်။ လေယာဉ်ထွက်ခွာချိန် နာရီဝက်ခန့် နောက်ကျခဲ့ရသည်။ အဆိုပါအဖြစ်အပျက်ကြောင့် Citilink လေကြောင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ဒါရိုက်တာတို့ အလုပ်မှ နှုတ်ထွက်ပေးခဲ့ရပြီး အဆိုပါ လေယာဉ်မှူးလည်း အလုပ်မှ ထုတ်ပစ်ခြင်းခံရပြီး အမှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။
 


Follow us on